မကွေးတိုင်းအတွင်းရှိ မူလတန်းအဆင့်နှင့်ဘကကျောင်းများအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ တိုင်းအစိုးရမှ ထောက်ပံ့မည်

မကွေးတိုင်းအတွင်းရှိ မူလတန်းအဆင့်နှင့်ဘကကျောင်းများအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ တိုင်းအစိုးရမှ ထောက်ပံ့မည်

 

မကွေး၊ မေ ၁၄ ။                      ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မူလတန်းအဆင့်နှင့်ဘုန်းတော်ကြီးသင်ပညာရေးမှ ကျောင်းသား၊ ကျောင်းသူများအား  ကျပ်သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ ပညာရေးအထောက်အကူပစ္စည်းများ ထောက်ပံ့ သွားမည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး ပညာရေးဌာနမှ တဆင့် လာမည့် ဇွန်လအတွင်းဖွင့်လှစ်မည့် ကျောင်းဖွင့်ရာသီအမီ ကျောင်းဝတ်စုံ ၃၈၅၄၆၉ စုံ တန်ဖိုးငွေ ကျပ် သိန်း ၅ထောင်ကျော်(၅၃၉.၆၅၆၆ သန်း ကျပ်၊) ဗလာစာအုပ် ဒါဇင်ပေါင်း ၁၅၉၀၀၂ ဒါဇင် တန်ဖိုးငွေကျပ် သိန်း ၃ ထောင်ကျော်(၃၁၈. ၀၀၄သန်းကျပ် )ထောက်ပ့ံပေး သွားမည် ဖြစ်သည်။

“ ကျောင်းသား၊ ကျောင်းသူများဌာနက ထောက်ပ့ံတဲ့ ကျောင်းဝတ်စုံ ဝတ်ဆင်ရာမှာ အဆင်ပြေစျေဖို့အတွက် မြို့နယ်တွေကနေကျောင်းဝတ်စုံ ဘယ်ဆိုက် တွေယူမယ်ဆိုတဲ့စာရင်းတွေအရ ကျောင်းဝတ်စုံ ဆိုဒ်သုံးမျိုး ဆောင်ရွက်ထားပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

အခမဲ့ပညာရေးစနစ်ဖြစ်ပြီး လာမည့်စာသင်နှစ်မှ စတင်ကာ မူလတန်းမှ Grade 4 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၃၈၀၀၀၀ ကျော်နှင့် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် ၆ အုပ်ထောက်ပံ့ပေးမည် ဖြစ်သည်။

“ ကျောင်းအပ်နှံရာမှာ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ််ဖြစ်ပါတယ်။ သြဂုတ် လ ကျောင်းသားစာရင်းကိုအခြေခံပြီး တွက်ချက်မှုအရ KG တန်းကနေ Grade 4 ထိ ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းဝတ်စုံ( L,XL,XXL ) သုံးသိန်းရှစ်သောင်းကျော် နဲ့ ကျောင်းသားတစ်ဦးကို ဗလာစာအုပ်(၆)အုပ်နှုန်း နဲ့ ဒါဇင်ပေါင်း တစ်သိန်းငါးသောင်းကျော်ကို ကျောင်းဖွင့်အမီထောက်ပံ့ပေးသွားဖို့ စီစဉ်ထားရှိပါတယ်” ဟု ဒေါက်တာခင်မောင်အေးက မဇ္ဈိမသို့ပြောသည်။

ထောက်ပံ့မည့် ကျောင်းစိမ်းဝတ်စုံများအတွက် တင်ဒါခေါ်ယူခဲ့ပြီး တစ်စုံလျင် ငွေကျပ် ၁၄၀၀ နှုန်းဖြင့် နမူနာ အရည်အသွေးစစ်ဆေးမှုများပြုလုပ်ကာ ပန်းစံပယ်အထည်ချုပ်လုပ်ငန်းနှင့် စာချုပ်ချုပ်ထားကြောင်း ၊ စာအုပ်တစ်ဒါဇင်ကို ကျပ် ၂၀၀၀ နှုန်းဖြင့် တင်ဒါအောင်မြင်သူနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိကာ စာအုပ်နှင့်ဝတ်စုံများအပေါ် အရည်အသွေးစစ်ဆေးနိုင်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံ နမူနာများ ဖြန့်ဝေပေးထားကြောင်း ၀န်ကြီးထံမှ သိရသည်။

ပြည်ထောင်စုအစိုးရ၏ဘတ်ဂျက်ဖြင့် ထောက်ပံ့ဆောင်ရွက်သည့် ယင်းလုပ်ငန်းစဉ်တွင် တိုင်းအစိုးရမှ ကြီးကြပ် အကောင်အထည်ဖော်နေခြင်းဖြစ်ကာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ နှင့် ဘက(ဘုန်းတော်ကြီး သင်ပညာရေးကျောင်း)များရှိ မူလတန်းအဆင့်ကျောင်းသားကျောင်းသူများအား ထောက်ပံ့မည့်အစီအစဉ်ဖြစ်ကြောင်း သိရှိရ သည်။

၂၀၁၈ ပညာသင်နှစ်အတွက် လာမည့် မေလ၂၅ ရက်နေ့တွင် ကျောင်းများအပ်နှံမှု လက်ခံတော့မည်ဖြစ်ရာ  ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ သိရှိစေရေးအတွက် လှုံ့ဆော်ရေးဆိုင်းဘုတ်များ၊ ဗီနိုင်း များကို ကျေးရွာ/ရပ်ကွက်ကျောင်းများထိအရောက် စိုက်ထူခြင်းများဆောင်ရွက်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly