Eurovision သီချင်းပြိုင်ပွဲ၌ အစ္စရေးအဆိုတော် နက်တာ အနိုင်ရဗိုလ်စွဲ

Eurovision သီချင်းပြိုင်ပွဲ၌ အစ္စရေးအဆိုတော် နက်တာ အနိုင်ရဗိုလ်စွဲ

ဥရောပနိုင်ငံများမှအဆိုတော်များ မိမိ၏နိုင်ငံကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၈ Eurovision သီချင်းပြိုင်ပွဲ၏ဖိုင်နယ်ပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ မေလ ၁၂ ရက်နေ့ကကျင်းပခဲ့ပြီး အစ္စရေးအဆိုတော် နက်တာက Toy ဆိုသောသီချင်းဖြင့် သီဆိုယှဉ်ပြိုင်ကာ အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

သူမနှင့်အတူ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသောအဆိုတော်မှာ Fuego အမည်ရှိသီချင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ဆိုက်ပရပ်ကိုယ်စားပြုအဆိုတော် အယ်လီနီဖော်ရီရာဖြစ်ပြီး သူမက ဒုတိယဆုကို ရရှိခဲ့သည်။

နက်တာက သူမအနေဖြင့် ဒိုင်လူကြီးများနှင့် ပရိသတ်များကိုကျေးဇူးတင်ကြောင်း ဖန်သားဖြင့်ပြုလုပ်ထားသော မက်ခရိုဖုန်းဆုကြီးကို လက်ခံရယူစဉ်တွင် ပြောကြားခဲ့သည်။ နက်တာ၏နာမည်အပြည့်အစုံမှာ နက်တာဘာဇီလီယာဖြစ်ပြီး သူမသည် ရမှတ် ၅၂၉ မှတ်ဖြင့် ပထမနေရာကိုဆွတ်ခူးခဲ့ခြင်းဖြစ်ကာ ဒိုင်များ နှစ်သက်သော အယ်လီနီက ရမှတ် ၄၃၆ မှတ်ဖြင့် ဒုတိယနေရာရရှိခဲ့သည်။

ဒိုင်လူကြီးများပေးသော ရမှတ်များကိုရေတွက်ချိန်တွင် သြစတြီးယားကိုယ်စားပြုအဆိုတော် ဆီဆာဆမ်ဆွန်က ထိပ်ဆုံးမှဦးဆောင်နေခဲ့သော်လည်း ပရိသတ်များ၏မဲများကို ရေတွက်ပြီးနောက်တွင် နက်တာနှင့် အယ်လီနီ တို့က ထိပ်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

နက်တာက စင်ပေါ်၌ ဆုလက်ခံရယူစဉ်တွင် “မတူကွဲပြားစွာ ရွေးချယ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မတူကွဲပြားမှုကို လက်ခံကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျမနိုင်ငံကို ချစ်မြတ်နိုးပါတယ်။ ဒီသီချင်း လေးဟာ လူတိုင်းအတွက် ခွန်အားဖြစ်စေမယ့်သီချင်းလေးပါ။ ကျမဟာ ချောမောခြင်းမရှိဘူး၊ ထက်မြတ်ခြင်းမရှိ ဘူး၊ ကျမဖြစ်ချင်တဲ့အရာကိုလုပ်ဖို့ လှပတဲ့ခန္ဓာကိုယ်မရှိဘူးလို့ လူအများကပြောခဲ့ကြပါတယ်။ အခုတော့ ကျမ လုပ်နိုင်ခဲ့ပါပြီ” ဟု ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly