မောင်တော ပြန်လည်လက်ခံရေးစခန်း လှဖိုးခေါင် ၉၅ ရာခိုင်နှုန်း ပြီးစီး

မောင်တော ပြန်လည်လက်ခံရေးစခန်း လှဖိုးခေါင် ၉၅ ရာခိုင်နှုန်း ပြီးစီး

ရန်ကုန် ၊ မေ ၁၃ ။            ။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများအား ပြန်လည်နေရာချထားပေးမည့် လှဖိုးခေါင် ကြားစခန်း တည်ဆောက်နေမှုအခြေအနေသည် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်ဟု မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဆိုသည်။

"လှဖိုးခေါင်စခန်းဆို ၉၅ ရာခိုင်နှုန်း ပြီးပြီ။ ကျန်တာတော့ နည်းနည်းလေး လေဒဏ်မိုးဒဏ်ခံနိုင်အောင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နေတာရှိတယ်။ နောက် အုပ်ချုပ်မှုအဆောင်တွေစဆောက်နေပြီ" ဟု ဦးရဲထွဋ်က ဆိုသည်

လှဖိုးခေါင်ကြားစခန်းတွင် အဆောက်အဦးပေါင်း ၆၂၅ လုံး တည်ဆောက်ရန်ရှိသည့်အထဲမှ အဆောက်အဦးပေါင်း ၅၈၁ လုံးကို တည်ဆောက်ပြီးစီးနေပြီး မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်ကို အပြီးအစီး အပ်နှံနိုင်ရန် ကြိုးစားနေသည်ဟု လှဖိုးခေါင်စခန်းတည်ဆောက်ရေးတာဝန်ခံ ဦးတင်စိုးက ဆိုသည်။

လှဖိုးခေါင်းကြားစခန်းတွင် တည်ဆောက်နေသည့် အဆောက်အဦးတစ်ခုလျှင် အခန်းပေါင်း ၈ ခန်းပါ၀င်ပြီး အခန်းတစ်ခန်းလျှင် ၁၂ပေ ပတ်လည်ခန့် ကျယ်ဝန်းကာ မြန်မာကျပ်ငွေ သိန်း ရ၀ ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ အဆောက်အဦး၏ သက်တမ်းကို တစ်နှစ်သာ ခန့်မှန်းထားသည်ဟု တည်ဆောက်ရေးတာဝန်ခံ ဦးတင်စိုးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူများမှ  မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက လက်ခံရန် စခန်းများအား ငါးခူရ နှင့် တောင်ပြိုလက်ဝဲတို့တွင် အစိုးရမှ ပြင်ဆင်ထားပြီး ယင်းစခန်းများမှ တဆင့် လှဖိုးခေါင်းကြားစခန်းတွင် ခေတ္တနေရာချထားပေးမည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ကြားစခန်းဖြစ်သည့် လှဖိုးခေါင်စခန်းတွင် လူဦးရေ ၃၀၀၀၀ ခန့်အထိ နေထိုင်နိုင်မည်ဟု သိရသည်။ ပြန်လည်လက်ခံရေး လုပ်ငန်းများ စတင်ရန် အဆင့်သင့်ဖြစ်နေသည်ဟု   မြန်မာအစိုးရဘက်က ပြောဆိုထားသော်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများက ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly