မြန်မာနိုင်ငံခြေစမ်းခရီးစဉ်အကြောင်း လိဒ်နည်းပြသုံးသပ်

မြန်မာနိုင်ငံခြေစမ်းခရီးစဉ်အကြောင်း လိဒ်နည်းပြသုံးသပ်
ဓာတ်ပုံ - ဘိုဘို
 

 

မြန်မာနိုင်ငံမှာ ခြေစမ်းပွဲနှစ်ပွဲလာကစားသွားတဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြဟက်ကင်းဘော်တွန်က ခြေစမ်းခရီးစဉ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင် သုံးသပ်သွားခဲ့ပါတယ်။

မေလ ၁၁ ရက် ညနေ ၆းဝဝ နာရီမှာ မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းမှာ မြန်မာလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ကစားပြီးတဲ့နောက်မှာ မြန်မာနိုင်ငံခရီးစဉ်အကြောင်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဟက်ကင်းဘော်တွန်က ပြန်လည် ဖြေဆိုခဲ့တာပါ။

ဟက်ကင်းဘော်တွန်က “မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး တခြားအကြောင်းအရာတွေကို မပြောလိုပါဘူး။ ကျွန်တော်က ဘောလုံးအသင်းနည်းပြ ဖြစ်နေတဲ့အတွက်   ဘောလုံးအကြောင်းပဲ   ပြောချင်ပါတယ်။ နှစ်လိုစရာ အတွေ့အကြံုတွေရခဲ့ပါတယ်။ တာဝန်ရှိသူတွေဆီကနေ အစစအရာရာ ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံခံခဲ့ရတယ်။

ဒီနေ့ ပရိသတ်တွေအားပေးပုံကလည်း ကျေနပ်နှစ်သက်စရာပါပဲ။ ခြေစမ်းပွဲကို နှစ်နေရာမှာ ကစားခဲ့တယ်။ နှစ်နေရာစလုံးက ဘောလုံးကိုအရမ်းချစ်ကြတာကိုတွေ့ရတယ်။ တကယ်မြတ်နိုးကြတယ်။

အဓိက ကစားသမားတွေကို ခေါ်လာခဲ့ချင်ပေမယ့် တချို့က ဒဏ်ရာပြဿနာ၊ တချို့က မိသားစုကိစ္စတွေနဲ့ တချို့ကျတော့ နိုင်ငံပွဲတွေကစားဖို့ရှိလို့ ထားခဲ့ရတာပါ။ ဒါကြောင့် အသင်းမှာ အများစုက ယူ ၂၃ နဲ့ လူငယ်ကစားသမားတွေ ဖြစ်နေတာပါ။

အသင်းကောင်းတွေနဲ့ ကစားခဲ့ရလို့ အကျိုးရှိခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ AYA ဘဏ်ကစီစဉ်တဲ့ AYA BANK TOUR 2018 ခြေစမ်းခရီးစဉ် အဖြစ် မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာနေရှင်နယ်လိဂ်အောစတားအသင်း၊ မြန်မာလက်ရွေးစင်အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားခဲ့တာပါ။

လိဒ်ယူနိုက်တက်အသင်းဟာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာကစားတဲ့ မြန်မာနေရှင်နယ်လိဂ်အောစတားအသင်းနဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မြန်မာလက်ရွေးစင်အသင်းကိုတော့ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာပြည်ခြေစမ်းခရီးနဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတဲ့လိဒ်ယူနိုက်တက်အသင်းဟာ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွေမှာ ဘောလုံးနဲ့မသက်ဆိုင်တဲ့ မေးခွန်းတွေကို အထူးသတိထား ရှောင်ရှားဖြေဆိုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly