နျူလက်နက် စွန့်လွှတ်ပါက မြောက်ကိုရီးယားကို ချမ်းသာအောင် လုပ်ပေးမည်ဟု အမေရိကန် ကမ်းလှမ်း

နျူလက်နက် စွန့်လွှတ်ပါက မြောက်ကိုရီးယားကို ချမ်းသာအောင် လုပ်ပေးမည်ဟု အမေရိကန် ကမ်းလှမ်း

 

မေ ၁၂ ။              ။ မြောက်ကိုရီးယားတို့ဘက်က ယင်း၏ နျူကလီးယားလက်နက် အစီအစဉ်များကို စွန့်လွှတ်ဖြုတ်သိမ်းမည်ဟု သဘောတူပါက ၀ါရှင်တန်အနေဖြင့် ယင်းနိုင်ငံ၏ စီးပွားရေးကို ကူညီ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ကတိပြုပြောဆိုလိုက်သည်။

ကင်မ်ဂျုံအန်းအစိုးရအနေဖြင့် ၎င်းတို့၏ နျူအစီအစဉ်များကို ရပ်ဆိုင်းဖြုတ်သိမ်းရန် သဘောတူမည်ဆိုပါက လက်ရှိ နိုင်ငံတကာ ဆန်ရှင်များအောက် ရောက်နေသည့် ယင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပွန်ပဲယိုးက မေလ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုသွားခြင်း ဖြစ်သည်။

" တကယ်လို့ မြောက်ကိုရီးယားတို့ဘက်က သူတို့နိုင်ငံမှာ နျူကလီးယားကင်းစင်ရေးအတွက် မြန်မြန်ဆန်ဆန် လုပ်မယ်လို့ ကတိပြုတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ဘက်ကလည်း သူတို့နိုင်ငံကို သူတို့ရဲ့ အိမ်နီးချင်း တောင်ကိုရီးယားနဲ့ တန်းတူ ဖွံ့ဖြိုးကြီးပွားလာအောင် လုပ်ပေးသွားမှာပါ" ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းပြောဆိုသွားသည်။

မိုက် ပွန်ပဲယိုးသည် ပြီးခဲ့သည့် ရက်ပိုင်းကမှ မြောက်ကိုရီးယားသို့ သွားရောက်ထားခဲ့သူ ဖြစ်ပြီး ခေါင်းဆောင် ကင်မ်နှင့်အကြား ကောင်းမွန်သည့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ဖော်ထားခဲ့သူလည်း ဖြစ်သည်။

အလားတူ အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကြီးနှစ်ဦးအကြား လာမည့် ဇွန်လ ၁၂ ရက် စင်ကာပူနိုင်ငံတွင် ထိပ်သီးအစည်းအဝေး ကျင်းပရန် ရှိနေချိန် ယင်းနှစ်နိုင်ငံအကြား ရှေ့ကာလဆက်ဆံရေးအလားအလာအပေါ် အကောင်းမြင်မှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required