မေလ ၁၁ ။ ။ ယနေ့ မေလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်၊ မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ကျင်းပသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လိဒ်ယူနိုက်တက် အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် လိဒ်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းတွင် လိဒ်ယူနိုက်တက်အသင်းမှ ၅၈ မိနစ်တွင် Ryan David ၊ ၈၄ မိနစ်တွင် JAY-Roy jornell က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ပွဲပြီးပြောစကားအနေဖြင့် " မြန်မာကစားသမားတွေ အရည်အချင်းရှိကြတာကို တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလည်း ဘောလုံးကိုစိတ်ဝင်တစားရှိကြတယ်။ သေချာလုပ်လိုက်ရင်တိုးတက်လာမှာပါ" ဟု လိဒ်ယူနိုက်တက်နည်းပြ ဟက်ကင်းဘော်တွန်က ပြောသည်။
မြန်မာဖက်က " ပြင်ဆင်ချိန်သိပ်မရခဲ့ပေမယ့် ကစားသမားတွေကြိုးစားကစားခဲ့ကြပါတယ်။ ငယ်ရွယ်တဲ့ကစားသမားတွေကိုလည်း အသင်းမှာရွေးချယ်ခဲ့ပါတယ်။ ဒီအသင်းက ကစားသမားတော်တော်များများဟာ နောင်တစ်ချိန်လက်ရွေးစင်မှာ ပြန်ပါလာမယ့်သူတွေလို့ ယုံကြည်ပါတယ်။" ဟု မြန်မာအသင်းနည်းပြ ဦးစိုးမြတ်မင်းက ပြောသည်။
မေလ ၉ ရက်၊ ညနေ ၆ နာရီအချိန်၊ သုဝဏ္ဏ အားကစားကွင်းတွင် MNL All Stars နှင့် လိဒ်ယူနိုက်တက် ပွဲစဉ်တွင် MNL All Starsအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
AYA Bank Tour 2018 အဖြစ် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အင်္ဂလန်ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက်အသင်းက ခြေစမ်းပွဲများ လာရောက်ကစားခြင်း ဖြစ်သည်။
အဆိုပါပွဲစဉ်များအား မြန်မာ့ဘောလုံးကစားသမားများ၊တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတကာအသင်း များ၊ ဥရောပကလပ်အသင်းများနှင့် ထိတွေ့ကျွမ်းဝင်းခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြံုများ ရရှိစေ ရန်၊ တစ်ဦးချင်း ယုံကြည်မှုနှင့် စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီဘဏ်မှ စီစဉ်ပံ့ပိုး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။