မြန်မာနိုင်ငံသို့ မုန်တိုင်း ၀င်ရောက်မည်ဆိုသည့် သတင်းမမှန်ကန်ဟု မိုးဇလ ကြေညာ

မြန်မာနိုင်ငံသို့ မုန်တိုင်း ၀င်ရောက်မည်ဆိုသည့် သတင်းမမှန်ကန်ဟု မိုးဇလ ကြေညာ

မေလ ၁၁ ။           ။ လူမှုကွန်ယက်တွင် သတင်းများထွက်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသတင်းသည် ဟုတ်မှန်ခြင်းမရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မေလ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် Roanu အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံဒေသများ ပေါ်သို့ ဖြတ်ကျော်ဝင်ရောက်သည့် ပုံများကို လွှင့်တင်ထားခြင်း ဖြစ်ပြီး အဆိုပါအမည်ရှိ မုန်တိုင်းသည် ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းတာချက်များအရ မေလ ၁၂ ရက်မှ ၂၅ ရက်အထိ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများ ဖြစ်ပေါ်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် မေလ ၂၆ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါလေပွေလှိုင်းမှာ အားကောင်း လာပါက လေဖိအားနည်းရပ်ဝန်းအဖြစ် သို့ ပြောင်းလဲလာနိုင်သည်ဟု မိုးဇလမှ ကြေညာထားသည်။

လေထုဖြစ်စဉ်များမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခန့်မှန်းချက်များမှာ ပြောင်းလဲမှုရှိနိုင်သကဲ့သို့ မေလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေပြီး မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေရှိပါက ကြိုတင် အသိပေးသွားမည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။

ယမန်နေ့ မေလ ၁၀ ရက်က မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ဖြစ်ပေါ်ခဲ့သည့် မိုးထစ်ချုန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဖြစ်စဉ်များသည် မုတ်သုံအဝင် ကာလများတွင် ဖြစ်ပေါ်သည့် မိုးလေဝသဖြစ်စဉ်များသာ ဖြစ်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်ဟု ခန့်မှန်းထားသည်။

နေပြည်တော်နှင့်ရန်ကုန်မြို့အနီးတစ်ဝိုက်တွင်  မိုး ရွာရန်ရွာနှုန်း ၈၀ ဖြစ်ပြီး မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့်  မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်  ထစ်ချုန်းမည့် အခြေအနေ များ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

မိုးရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်မှုကို ဖြစ်စေတတ်သော မိုးတိမ်တောင်များအား သတိပြုရန် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပြီး “မိုးတိမ်တောင်များဟာ မွန်းလွဲညနေပိုင်းတို့တွင် ဖြစ်ပေါ်တတ်လေ့ရှိပြီး မိုးတိမ်တောင်တိုင်းလိုလိုက လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ နေရာကွက်မိုးသည်းထန်ခြင်း တို့ကိုဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ အားကောင်းတဲ့မိုးတိမ်တောင်
ဖြစ်လာပါက အဆိုပါဖြစ်စဉ်များအပြင် မိုးကြိုးပစ်ခြင်း နဲ့ မိုးသီးကြွေခြင်းတို့ကိုပါ ပူးတွဲ ဖြစ်ပေါ်စေတတ်ပါတယ်” ဟု သတိပေးထားသည်။

မိုးလေဝသသတင်းများနှင့်ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသဌာနခွဲ၊ နေပြည်တော် (ဖုန်းနံပါတ် - ၀၆၇-၄၁၁၂၅၀၊ ၀၆၇-၄၁၁၅၂၆၊ ၀၆၇-၄၁၁၅၂၇) တို့သို့လည်း ဆက်သွယ်မေးမြန်း နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly