ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်အောင် တရားဥပဒေနှင့် အညီ ရင်ဆိုင်သွားမည်ဟု ပြော

ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်အောင် တရားဥပဒေနှင့် အညီ ရင်ဆိုင်သွားမည်ဟု ပြော

 

မေလ ၁၁ ။            ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်အောင် တရားဥပဒေနှင့် အညီ ရင်ဆိုင်သွားမည်ဟု ပြောဆိုလိုက်သည်။

ယနေ့ မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုဖြင့်တရာစွဲဆိုခံထားရသော FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က "ဂျာနယ်တွေက ရေးတဲ့အခါမှာ လာဘ်စားတယ်လို့ ရေးတယ်၊ အလွဲသုံးတယ်လို့လည်း ပြောကြတယ်။ အလွဲသုံးတာ မဟုတ်ပါဘူး။ အမှုမှန်ပေါ်သွားအောင် အန်ကယ်တို့က တရားရုံးမှာ ဥပဒေနဲ့အညီရင်ဆိုင်သွားမယ်။ အန်ကယ်နဲ့ ဆက်ဆံနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံဆေးကုန်သည်များအသင်းတို့၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းတို့ရှိတယ်။ အန်ကယ် လာဘ်စား၊ မစား သူတို့ကိုမေးကြည့်ပါ။ အခုကိစ္စကိုလည်း အမှုမှန်ပေါ်အောင်တရားဥပဒေအရ လုပ်ဆောင်သွားမှာပါ"ဟု မီဒီယာကို ပြောသည်။

ယနေ့ရုံးထုတ်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားခွင်(၂)တရားသူကြီးဒေါ်ညိုညိုဝင်းက တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်း အား လိုပြသက်သေသွင်းမှုနှင့်အတူ အမှုကိုဆက်လက်စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားမှုများပေါ်စစ်ဆေးရာမှ လုပ်ကိုင်ခွင့်အာဏာ ကို အသုံးပြုကာ အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က တရားလိုပြုလုပ်ကာ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ်၊ ရဲစန်းတွင် ၂၀၁၃ ခုနှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧပြီလ ၂၀ ရက်နေ့က အမှုဖွင့်ခံခဲ့ရပြီး မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါအမှုအား စစ်ဆေးရန်အတွက် တရားလိုပြသက်သေ ၃၆ ဦးတင်ပြထားသည်ဟု သိရပြီး နောက်တစ်ပတ် ရုံးချိန်းအား ၂၀၁၈ ခု မေလ ၁၈ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly