မောင်တောမှ ဟိန္ဒူများ နေထိုင်စရာ အိမ်အခက်အခဲရှိနေ

မောင်တောမှ ဟိန္ဒူများ နေထိုင်စရာ အိမ်အခက်အခဲရှိနေ
ဓာတ်ပုံ-အေးချမ်းခိုင်
 

ရန်ကုန် ၊ မေ ၁၁ ။         ။ ပဋိပက္ခဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်သို့ ရှောင်တိမ်းနေထိုင်ခဲ့ရသည့် ဟိန္ဒူဒုက္ခသည်များအနေဖြင့် နေထိုင်စရာ နေအိမ်အခက်အခဲများ ရှိနေသည်ဟု မေလ ရ ရက်နေ့မှ ၉ ရက်နေ့အထိ မဇ္ဈိမသတင်းဌာနမှ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း၌ ဟိန္ဒူဒုက္ခသည်များက ဆိုသည်။

"အခုလောလောဆယ် မိုးရာသီရောက်လာတယ်။ တာလပတ်အောက်မှာ နေရတဲ့အတွက် ပူလည်းပူတယ်၊ တော်ကြာ မိုးရောက်လာရင် နေစရာမရှိဘူး။ အစိုးရအနေနဲ့ ဘာလုပ်ပေးမလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောတာလည်းမရှိဘူး" ဟိန္ဒူဒုက္ခသည်စခန်းခေါင်းဆောင် ဦးနီမာရ်က ဆိုသည်။

အဆိုပါ ဟိန္ဒူစခန်းတွင် လူဦးရေပေါင်း ၁၂၂၅ ယောက်အထိ နေထိုင်ပြီး ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်တွေသို့ ထွက်ပြေးသွားခဲ့ကြသည့်ဒုက္ခသည်များ ဖြစ်သည်။

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ဦးမှူး ဦးရဲထွဋ်က "ဟိန္ဒူတွေအတွက် သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးသွားပြီ။ လာဆောက်ဖို့အတွက် သူတို့က ပစ္စည်းတွေ ပြင်နေတယ်။ ရယ်ဒီမိတ်ဆက်တင်တွေ ဆိုတော့ မြန်မှာပါ။ ဖောင်ဒေးရှင်းပြီးတာနဲ့ အကုန်တပ်ဆင်သွားမှာ။ ဒါလည်း မိုးတွင်းတော့ မမှီနိုင်ဘူး။ တည်ဆောက်ရေးကာလက မိုးတွင်းကို ထည့်တွက်လို့မရဘူး" ဟု ဆိုသည်။

အဆိုပါဟိန္ဒူဒုက္ခသည်များကို ရွှေဇားနှင့် ကြိမ်ချောင်းကျေးရွာအနီးတွင် နေရာချထားပေးသွားရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိအချိန်တွင် ဟိန္ဒူဒုက္ခသည်များအနေဖြင့် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနောက်တွင် ရွက်ဖျင်တဲ များဖြင့် နေထိုင်လျက်ရှိသည်။

ပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာရှောင်ပြေးနေရသည့် တိုင်းရင်းသားများအား ကိုင်းကြီး ၊ သစ်တုံးနား ခွဆုံ၊ ခုံတိုင်၊ ဖော်တီတောင် စသည့်ကျေးရွားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များမှ လုံးချင်း နေအိမ်များ ဆောက်လုပ်လှူဒါန်းပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly