စစ်ကိုင်းတိုင်း၏ လယ်ယာကဏ္ဍအပါအဝင် စီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်

စစ်ကိုင်းတိုင်း၏ လယ်ယာကဏ္ဍအပါအဝင် စီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်
ဓာတ်ပုံ - သက်ကို

 

မေ ၁၁ ။                      ။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က မေလ ၁၁ ရက်တွင် ပြုလုပ် သော CEO Conference 2018 တွင် ပြောကြားသည်။

“ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့  ဖိတ်ခေါ်လိုပြီး ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်းလိုအပ်တဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးသွားဖို့ အသင့်ရှိနေပါတယ်” ဟု ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိကဦးစားပေးကဏ္ဍများတွင် (၁)လယ်ယာစိုက်ပျိုးရေးကဏ္ဍ (၂) လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ်ကဏ္ဍ (၃)ခရီးသွားလုပ်ငန်းကဏ္ဍတို့ ဖြစ်ပြီး အဓိက စိုက်ပျိုးသီးနှံများမှာ ဆန်စပါး (ရွေဘို ပေါ်ဆန်းမွှေး) ၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံများ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မြေလွတ်မြေရိုင်းများစွာရှိပြီး စိုက်ပျိုးရေးအတွက် နည်းပညာဆိုင်ရာအခက်အခဲများက စိန်ခေါ်မှု ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောသည်။

“ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြေလွတ်မြေရိုင်း များစွာလည်း ကျန်ရှိနေပါသေးတယ်။ လယ်မဲ့ယာမဲ့ များအတွက် မြေလွတ်မြေရိုင်းများကို လယ်ယာမြေ ဖေါ်ထုတ်ပြီး ဝေငှပေးခဲ့ပါတယ်။ အချို့သော အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ မြေနေရာဧက မြောက်များစွာကို လက်ဦးမှု ရယူထားပေမဲ့လည်း လက်တွေ့မှာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု မရှိတဲ့အတွက် ပြန်လည်သိမ်းဆည်းထားတဲ့ မြေယာ ဧကပေါင်းများစွာလည်း ရှိနေပါတယ်။ ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှု ကတော့ မျိုးကောင်းမျိုးသန့် ရရှိရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပဲ ဖြစ်ပြီး တန်ဖိုးမြှင့် ထုတ်လုပ်မှုနဲ့ ကောင်းမွန်တဲ့ စျေးကွက်ရရှိရေးဟာ အထူးလိုအပ်ချက် ဖြစ်နေပါတယ်” ဟု ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ယနေ့ မေ ၁၁ ရက်၊ နံနက် ၈ နာရီ ၃၀ မှ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ရှိ Novotel Yangon Max တွင် ကျင်းပနေသော CEO Conference 2018 တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်း CEO Conference သို့ နိုင်ငံအကြီးအကဲများ၊ စွန့်ဦးတီထွင်သူများနှင့် နိုင်ငံတကာ စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

ထို့ပြင် ခရီးသွားကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးလျှပ်စစ်ကဏ္ဍများအတွက် စီးပွားရေးလုပ်ငန်းရှင်များအား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ဖိတ်ခေါ်ကြောင်း ပြောခဲ့သည်။

စစ်ကိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကာ်မရှင်ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပြီး စစ်ကိုင်းအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေးမြို့ များတွင် စက်မှုဇုန် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly