စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စေတီများ ပျက်စီး

စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စေတီများ ပျက်စီး

မေလ ၁၀ ရက် ။                ။ စစ်ကိုင်းကိုင်းဒေသကြီးအတွင်း မေလ ၉ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ်တွေ၊ စေတီတွေ၊ သာသနိကအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေနဲ့ သစ်ပင်လဲကျ ပျက်စီ းခဲ့ပါတယ်။

စစ်ကိုင်း၊ကနီ၊ဖောင်းပြင်၊ဟုမ္မလင်း၊ မုံရွာ စတဲ့မြို့နယ်တွေမှာ လေပြင်းဒဏ်ခံခဲ့ရပြီး တစ်တိုင်းလုံးရဲ့ ပျက်ဆီးဆုံရှုံးမှု စာရင်းကို ကောက်ယူနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးပါဘူး။

ကနီမြို့နယ်၊ကင်းရွာမှ မမျိုးမျိုးသန်းက “စတိုက်ကတည်းက လန်သွားတာ၊ ပြီးတော့ မိုးတွေ ရွာလာတယ်။ မိုးတွေစဲမှ ပစ္စည်းပစ္စယတွေ လိုက်ကောက်ရတယ်။ ဒီနားတဝိုက်ကည အများကြီးပျက်စီးတယ်။ ညအိပ်စရာနေရာတောင်မရှိဘူး ” ဟု ပြောသည်။

လေပြင်းတိုက်ခတ်ပြီး လူနေအိမ် ၈၄ လုံးပျက်စီးခဲ့တဲ့ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းရွာကို တိုင်းအစိုးရ အဖွဲ့က လယ်ဆည်ဝန်းကြီး၊ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းမီသတ်ဦးစီးမှူး၊ တိုင်းဘေးအန္တရာယ်စီမံခန့်ခွဲ မှု ဦးစီ;ဌာနာက တာဝန်ရှိသူတွေက ထောက်ပံငွေ ၃၁ သိန်းကျော်နဲ့ ထောက်ပံရေးပစ္စည်းများကို မေလ ၁၀ ရက် နေ့လည်ပိုင်းက ထောက်ပံခဲ့ပါတယ်။

ကနီမြို့နယ်အတွင်းက ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ (၇)ရွာ၊ လူနေအိမ် (၁၂၃)လုံး ဌာနဆိုင်ရာအဆောက်အဦ (၄)ခု၊ စာသင်ကျောင်း (၁)ကျောင်း ၊အခြားအဆောက်အဦ (၅)ခု ၊သာသနိကအဆောက်အဦ (၅)ခု၊ စေတီ(၃) ဆူ လေပြင်းကြောင့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂ နှစ်ဆက်တိုက် ကနီမြို့နယ်အတွင်း လေဘေးအန္တရာယ်ကို ခံစားရတာဟာ သဘာဝပတ်ဝန်းကျင်တွေ ပျက်ဆီးတဲ့အတွက် ခံစားရတာဖြစ်လို့ ကနီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကို်ယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

“ ကျွန်တော်တို့မြို့နယ်မှာ အရင်နှစ်ကလည်း ဖြစ်တယ်။ ဒီနှစ်လည်း ဖြစ်တယ်။ အဓိက ဖြစ်ရတာတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတာကြောင့်ပါပဲ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုတာ အစိုးရတစ်ရပ်တည်းနဲ့ တင် မရပါဘူး။ ပြည်သူလူထုတွေက ပါ၀င်ပူးပေါင်းမှရမှာ ဖြစ်ပါတယ်။ ဒီနှစ်က အများဆုံးဆိုပေမယ့် အရင်နှစ် ကထက်စာရင် မများဘူး။” ဟု ကနီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကို်ယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမာပင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဟုမ္မလင်း၊ တန့်ဆည်၊ ကနီ စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ကျပ်သိန်းပေါင်း ၈၀၀ ကျော် လေဘေးသင့်ပြည်သူတွေကို ထောက်ပံခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required