လာမည့် ၂ နှစ်အတွင်း ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး ၂ ဆ တိုးမြှင့်ပေးသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လာမည့် ၂ နှစ်အတွင်း ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး ၂ ဆ တိုးမြှင့်ပေးသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

 

ရန်ကုန်၊ မေ ၁၀ ။            ။ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ပေးနေသောစီမံကိန်းများမှ  ရန်ကုန်တိုင်းဒေသကြီးအတွက် လာမည့် ၁ နှစ်ခွဲ၊ ၂ နှစ််အတွင်း လျှပ်စစ်မီး နှစ်ဆ တိုးမြှင့်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မေလ ၉ ရက်နေ့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား ၁၃၀၀ မှ ၁၅၀၀ မဂ္ဂါ၀ပ်ခန့် သုံးစွဲနေပြီး အဆိုပါစီမံကိန်းများမှ  မဂ္ဂါ၀ပ် ၁၅၀၀ ထပ်မံရရှိမည် ဖြစ်ကာ မဂ္ဂါ၀ပ် ၃၀၀၀ ခန့်အထိ သုံးစွဲနိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

 “ ကျွန်တော်တို့ရောက်လာမယ့်လျှပ်စစ်ဟာ ၁၅၀၀ မဂ္ဂါ၀ပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နောက်ထပ်နှစ်ဆတိုး သုံးနိုင်လောက်တဲ့အခြေအနေမျိုး ရန်ကုန်မှာ နောင် (၂)နှစ်၊ (၂)နှစ်ခွဲလောက်မှာ ဒီစီမံကိန်းကနေ ထွက်လာ တော့မယ့်လျှပ်စစ်ကို ဖြုန်းပေးရမှာဖြစ်ပါတယ်။ သုံးနိုင်မှ လျှပ်စစ်ထုတ်လုပ်သူတွေ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လျှပ်စစ်ကို ဒစ်ဂျစ်တယ်မီတာတွေနဲ့ သုံးနိုင်ဖို့ ကျွန်တော်တို့မျှော်မှန်းပါတယ်"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

မဂ္ဂါဝပ် ၃ ထောင်ကျော် အထိ ထုတ်ပေးနိုင်မည့် ကျောက်ဖြူ CCGT စီမံကိန်းအပါအဝင် ထားဝယ် ကန်ပေါက် စီမံကိန်း၊ မီးလောင်ဂျိုင် စီမံကိန်း၊ အလုံ စီမံကိန်းများ ပါ၀င်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်က လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အနီးရှိ မီးလောင်ဂျိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် ၁၃၉၀ ခန့် ထုတ်လုပ်သွားမည် ဖြစ်သည်။ တနသာင်္ရီတိုင်း၊ ထားဝယ်ရှိ ကန်ပေါက်လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၁၂၃၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ၂ နေရာမှ စုစုပေါင်း ၂၆၂၀ မဂ္ဂါ၀ပ် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့အား လျှပ်စစ်ကဏ္ဍတွင် ပိုမိုထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင်မူ  လျှပ်စစ်သုံးစွဲမှု မဂ္ဂါ၀ပ် ၁၀၀ ခန့် သုံးစွဲနေပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင်  လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး ပြီးလျှင် ဧရာဝတီတိုင်း ဒေသကြီးသည် ဒုတိယအနည်းဆုံးရရှိခြင်းဖြစ်ကာ ၁၂ ရာခိုင်နှုန်းသာ ရရှိနေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မီးလောင်ဂျိုင်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၃၅၀ မဂ္ဂါ၀ပ်ခန့်ထွက်ရှိမည် ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွက် မဂ္ဂါ၀ပ် ၃၅၀ သုံးစွဲမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွက် မဂ္ဂါ၀ပ် ၁၀၀၀ ခန့် ရရှိလာမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး ကံပေါက်စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါ၀ပ်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် မဂ္ဂါ၀ပ် ၅၀၀ လျာထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး တိုးမြှင့်ပေးမည် ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်မီတာများအသုံးပြုပါက လျှပ်စစ်မီး၏ ကျသင့်ငွေ မီတာခနူန်းထားများကို မနက် နှင့် ည (လူသုံးများ ချိန်နှင့် လူသုံးနည်းချိန်) စျေးတစ်မျိုးစီ ပြောင်းလဲကောက်ခံနိုင်မည်ဖြစ် သည်ဟု တိုင်းဝန်ကြီးချုပ်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly