လွှတ်တော်ကိုယ်စားလှယ်၂ ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးအား ဖိအာပေးဟုဆိုသော ရှင်းလင်းပွဲပြုလုပ်

လွှတ်တော်ကိုယ်စားလှယ်၂ ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးအား ဖိအာပေးဟုဆိုသော ရှင်းလင်းပွဲပြုလုပ်

 

မေလ ၁၀ ။                                   ။ မကွေးမြို့နယ် မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၂ ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးအား ဖိအားများပေးခဲ့သည်ဟုဆိုကာ ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖ များက မေလ ၈ ရက်နေ့က Magway Tea House တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် အုပ်စုအတွင်းရှိ ရာအိမ်မှူး ၁၄ ဦး အရှေ့၌ ပွင့်လင်းမြင်သာမှုရှိစွာ မရွေးချယ်ဘဲ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်လဲ့လဲ့နိုင်ကို ရွေးချယ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးအား လွှတ်တော်ကိုယ်စားလှယ်များက ဖိအားပေးခိုင်းစေခဲ့ကြောင်း မကြီးကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မျိုးထွန်းက ပြောသည်။

“တက်လာတဲ့ ရာအိမ်မှူးတွေကို အုပ်ချုပ်ရေးမှူး လုပ်ဖို့ လုပ်ထုံးလုပ်နည်းအတိုင်း မမေးခဲ့ဘူး။ ကျွန်တော် မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားမေးတဲ့အခါ နီးရာဓါးကြောက်နေရတယ်လို့ပြောတယ် ။ ကိုယ်စားလှယ်တွေက ဖိအားပေးလို့ပါလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကပြောတယ်" ဟု ဦးဇော်မျိုးထွန်းက ပြောသည်။

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက လွှတ်တော်ကိုယ်စားလှယ်များ၏ ဖိအားပေးခြင်းကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဒေါ်လဲ့လဲ့နိုင်နှင့်ယှဉ်ပြိုင်သည့် လက်ရှိအုပ်ချုပ်ရေးမှူ း ဦးကျော်မိုးမှာ ၄င်းနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းအမေးခံရပြီး ပြစ်ချက်များရှိသဖြင့် အုပ်ချုပ်ရေးမှူးအရွေးခံရန် ပယ်ဖျက်လိုက်သဖြင့် ဒေါ်လဲ့လဲ့နိုင် အုပ်ချုပ်ရေးမှူး ဖြစ်သွားခဲ့သည်ဟု ပြောသည်။

မကွေးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဌေးက " ဖိအားပေးတိုင်း အုပ်ချုပ်ရေး အပိုင်းက လက်ခံမလား။မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားလည်းမတွေ့ဘူး။ ရှင်းရှင်းပြောရရင် ဘာတစ်ခုမှ မှတ်ချက် မပေးလိုဘူး။ ပြောတဲ့လူက ဘယ်သူလည်းဆိုတာမူတည်ပြီး လိုအပ်သလိုလုပ်သွားမယ်” ဟု ပြောသည်။

မကွေးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က မကြီးကန်ကျေးရွာအုပ်စု တွင် ရာအိမ်မှူး ၁၄ ဦး ရှိခဲ့သော်လည်း ၁၂ ဦးက အုပ်ချုပ်ရေးမှူးနေရာဝင်ပြိုင်ရန်အတွက် ဆန္ဒမရှိကြောင်း လက်မှတ်ထိုးငြင်းပယ်ခဲ့သဖြင့် ကျန်ရှိသည့် ရာအိမ်မှူးနှစ်ဦးဖြစ်သည့် ဒေါ်လဲ့လဲ့နိုင်နှင့် ဦးကျော်မိုးတို့(၂)ဦးသာ ယှဉ်ပြိင်ခဲ့ကြသည်ဟု ပြောသည်။

“သူတို့၂ ဦးတည်း အုပ်ချုပ်ရေးမှူးနေရာ ယှဉ်ပြိုင်တဲ့အခါ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မိုးကို လွှတ်တော်မှာ မေးခွန်းအဆိုတစ်ခု အမေးခံရပြီး ငြိစွန်းတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနေရာဝင်ပြိုင်ဖို့ ပယ်ဖျက် လိုက်တယ်လို့ သိရတာ။ ကျန်တာဘာမှမသိပါဘူး” ဟု ဒေါ်ခင်ချိုလတ်က ဆိုသည်။

အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိ ဥပဒေနှင့်အညီ ရွေးချယ်မှု မရှိသည့်အပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းလွှတ်တော်အား တင်ပြထားကြောင်း ထူးခြားမှုမရှိလျှင် ကျေးရွာနေ ပြည်သူလူထုမှ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်သူများက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required