မန်စီးတီးအသင်း ရမှတ် ၁၀၀ ထိရရှိရန် ဂွာဒီယိုလာပစ်မှတ်ထားနေ

မန်စီးတီးအသင်း ရမှတ် ၁၀၀ ထိရရှိရန် ဂွာဒီယိုလာပစ်မှတ်ထားနေ

မေ ၁၀၊ မန်ချက်စတာ။             ။ အီတီဟတ်ကွင်းတွင် ဘရိုက်တန်ကို ၃-၁ ဂိုးဖြင့်အနိုင်ရပြီး ပရီးမီးယားလိဂ်နှင့် အဆင့်မြင့်တန်းလိဂ်ရမှတ်စံချိန်တင်နိုင်ပြီးနောက် အမှတ် ၁၀၀ ထိ ရယူရန် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကပစ်မှတ်ထားနေသည်။

စီးတီးကစားသမားအဖြစ် ယာယာတိုရေး၏နောက်ဆုံးပွဲတွင် ဒါနီလို၊ ဘာနာဒို ဆေးလ်ဗားနှင့် ဖာနန်ဒင်ဟိုတို့၏ ဂိုးများက ဂွာဒီယိုလာ၏အသင်းကို ၂၀၀၄-၀၅ ရာသီ မော်ရင်ဟိုလက်ထက် ချယ်လ်ဆီးအသင်းရရှိထားသည့် ၉၅ မှတ်အား ကျော်ဖြတ်စေ နိုင်ခဲ့သည်။

“၉၇ မှတ်၊ ဂိုးတွေအများကြီး၊ နိုင်ပွဲတွေအများကြီးက ဒီရာသီမှာ ကျွန်တော်တို့စွမ်းဆောင်ခဲ့တဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ပြီးပြည့်စုံ လုနီးပါး ပရီးမီးယားလိဂ်ရာသီတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ အမှတ် ၁၀၀ နဲ့ အဆုံးသတ်ချင်ပါတယ်”ဟု ဂွာဒီယိုလာက ပြောသည်။

၂၀၀၉-၁၀ ရာသီ အန်ဆယ်လော့တီလက်ထက် ချယ်လ်ဆီးအသင်းတင်ရှိထားသည့် ၁၀၄ ဂိုးစံချိန်ကိုလည်း မန်စီးတီးအသင်းက ၁၀၅ ဂိုးဖြင့် ချိုးဖျက်ထားသည်။

မန်စီးတီးအသင်းအနေဖြင့် တနင်္ဂနွေနေ့တွင် ဆောက်သမ်တန်ကိုအနိုင်ရပါက အမှတ် ၁၀၀ ရယူနိုင်သည့် ပထမဆုံးအသင်း ဖြစ်လာမည့်အပြင် အခြားစံချိန်လည်း ရှိနေသေးသည်။

လက်ရှိတွင် ပရီးမီးယားလိဂ်နိုင်ပွဲအများဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နေသည်။ ၃၇ ပွဲကစား ၃၁ ပွဲထိအနိုင်ရထားခြင်းက ချယ်လ်ဆီးအသင်းနောက်ဆုံးရရှိထားသည့် ပွဲ ၃၀ နိုင်ပွဲကိုကျော်လွန်သွားပြီး ၁၉၆၀-၆၁ ရာသီဖလားနှစ်လုံးရ စပါးအသင်း၏ နိုင်ပွဲအရေအတွက်နှင့် တူညီနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly