ပုသိမ်ကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ ဆောင်ရွက်ပေးနေ

ပုသိမ်ကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ ဆောင်ရွက်ပေးနေ

ယာဉ်မတော်တဆမှုလျော့နည်းလာစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို အမှတ်(၈၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီးမြို့နယ်)က မေလ ၉ ရက်၊ညနေ ၄ နာရီမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်အတွင်းတွင် ယာဉ်မတော်တဆမှု လျော့နည်းပပျောက်ရေးအတွက် မေလ ၆ ရက်နေ့မှစတင်၍ နေ့စဉ် လူစည်ကားသည့်နေရာများ၌ နံနက်ပိုင်း တစ်ကြိမ်နှင့် ညနေပိုင်း တစ်ကြိမ် အသိပညာပေးမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့နှစ် ယာဉ်မတော်တဆမှုတွေကို လေ့လာကြည့်လိုက်တဲ့အခါ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှုက ရာခိုင်နှုန်းအားဖြင့် ပိုများသလို သေဆုံးမှု ဦးရေလဲ ပိုများပါတယ်၊၊ ယာဉ်မတော်တဆမှုများတွင် ဆိုင်ကယ်ပါဝင်မှုနှုန်း၊ ထိခိုက်ဒဏ်ရာရ ရှိသူဦးရေ လျော့ကျသွားနိုင်ဖို့ ဒီကနေ မော်တော်ဆိုင်ကယ်စီးနှင်သူတွေကို သီးခြား အသိပညာပေးတာပါ။" ဟု အမှတ်(၈၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီးမြို့နယ်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်အောင်က ပြောသည်။

ဆက်လက်၍၎င်းက"အသိပညာပေးတဲ့နေရာမှာ မော်တော်ဆိုင်ကယ်မောင်းနှင်တဲ့ နေရာမှာ သတ်မှတ်ထားတဲ့ ညာဖက် ယာဉ်ကြောကနေ ကပ်မောင်းဖို့  ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ သုံးယောက်မစီးဖို့ သတ်မှတ်အရှိန်ထက် ပို၍ အရှိန်ပြင်း မမောင်းနှင်ဖို့၊ မီးနီမဖြတ်ဖို့၊ ပါဝါအိတ်ဇောမတပ်ဖို့၊ မော်တော်ယာဉ်အနေနဲ့ အသက်ကယ်ခါးပတ်ပတ်ဖို့ စတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အသိပညာပေးနေတာပါ။"ဟု ဒုရဲမှူး ကျော်ကျော်အောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု (၂၂၂၃)မှု ဖြစ်ပွားခဲ့ရာ မော်တော်ဆိုင်ကယ် ပါဝင်သော အမှု (၁၅၃၆)မှုရှိခဲ့ရာ ဆိုင်ကယ်ပါဝင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ရာခိုင်နှုန်းအနေဖြင့် (၆၉)ရာခိုင်နှုန်းရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly