ရသေ့တောင်နှင့် မောင်တောတွင် ကျပ်သိန်းပေါင်း ၄၈,ဝဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ရသေ့တောင်နှင့် မောင်တောတွင် ကျပ်သိန်းပေါင်း ၄၈,ဝဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ မေလ ၉ ။           ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်မှ ကျပ်သိန်းပေါင်း ၄၈,ဝဝဝ ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မေလ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မေယု-၂ စစ်ဆင်ရေးအရ မောင်တောခရိုင်ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်စု (၄၆) ပူးပေါင်းအဖွဲ့က မေလ ၈ ရက်၊ နံနက် ၉ နာရီ၊ ၄၅ မိနစ်အချိန်တွင် အငူမော်-မောင်တောသွား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရေးဆောင်ရွက်နေစဉ် ယင်းစိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းရဲတပ်ဖွဲ့မှ ရှာဖွေရေးဆောင်ရွက်နေစဉ် အောင်ကျော်နိုင်ဆိုသူ မောင်းနှင်လာသည့်ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိဘဲ လှည့်ပြေးသဖြင့်  ပူးပေါင်းတပ်ဖွဲ့မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကြောင့် အောင်ကျော်နိုင်ဆိုသူမှာ ယာလက်ဖမိုးဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ၎င်း ဆိုင်ကယ်ပေါ်ရှိ ခရီးအိတ် ဆောင်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅,ဝဝဝ ပြား သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

အောင်ကျော်နိုင်ဆိုသူအား စစ်ဆေးချက်အရ နံနက် ၁ဝ နာရီ၊ ၁၅ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်သန်းဌေးဆိုသူအား သင်္ဘောကွေ့ရွာဟောင်း အနီးတွင် ဖမ်းဆီးရမိခဲ့သည်။

အောင်သန်းဌေးဆိုသူအား ပူးပေါင်းအဖွဲ့မှထပ်မံစစ်မေးခဲ့ရာ ၎င်းထွက်ဆိုချက်အရ အောင်သန်းဌေးဆိုသူ၏ မိခင်ဖြစ်သူ ဒေါ်ကျင်စိန် နေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြားများထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေအိမ် အပေါ်ထပ်အိပ်ခန်းရှိ ဆာလာအိတ် (၈) အိတ် အတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူး သွပ်ဆေးပြား ၁၆ သိန်း ပြား ထပ်မံသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူဖမ်းဆီးရမိခဲ့သော အသက် ၂၈ နှစ်အရွယ် အောင်ကျော်နိုင်၊ အသက် ၆၇ နှစ်အရွယ် ဒေါ်ကျန်စိန်နှင့် အသက် ၃၆ နှစ်အရွယ် အောင်သန်းဌေးတို့ ၃ ဦးကို လက်ရှိတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required