ပွင့်သောပန်းတိုင်း မညှိုးရအောင်

ပွင့်သောပန်းတိုင်း မညှိုးရအောင်

ရေးသားသူ Dr. Thiha Phyo Myint
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အိမ်ထောင်ရှင်အမျိုးသားတဦးအတွက် လိင်မှုရေးရာ စွမ်းဆောင်ရည်ဆိုတာဟာလည်း အရေးအကြီးဆုံး မဟုတ်ရင်တောင် အရေးအကြီးဆုံးတွေထဲက တခုအဖြစ်တော့ သေချာပေါက် ပါဝင်နေပါတယ်။ အိမ်ထောင်ဦးစီး ယောကျ်ားတွေအနေနဲ့ လူမှုရေး၊စီးပွါးရေး အစရှိတဲ့ စိတ်ဖိစီးမှုဒါဏ်တွေကိုလည်း ခံရလေ့ရှိသေးတာမို့ အိမ်ထောင်ရေးသုခအပြည့်အဝရဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကောင်းလေးတွေ၊အမူအကျင့်ကောင်းလေးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးက သင့်ရဲ့ ပန်းဥယျာဉ်ကမ႓ာကြီးထဲက ပန်းလေးတွေ မားမားမတ်မတ်နဲ့ လန်းဆန်းနေစေဖို့ တထောင့်တနေရာကနေ ကူညီပေးနိုင်မှာပါ။

၁။ ကိုယ်အလေးချိန်ထိန်းပါ။

တခါတလေကျပြန်တော့ နည်းနည်းဝလာတာနဲ့ကို သင့်ရဲ့ အိပ်ယာတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါတယ်။ အကယ်၍ သင်ဟာ အဝလွန်နေသူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုလက်စထရောပမာဏများပြားခြင်းဟာ ပန်းသေပန်းညှိုးပြဿနာဆီကို ဦးတည်လာနိုင်ပါတယ်။ ခါးဆိုဒ် ၄၀ ထက်ကျော်သူတွေဟာ လိင်ဆက်ဆံရာမှာ လိုသလောက် ခရီးမပေါက်တတ်ဘူးလို့ လေ့လာချက်အချို့က ညွှန်းဆိုနေတဲ့အတွက် သင့်ကိုယ်အလေးချိန်ကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။

၂။ သွေးပေါင်ချိန်မှန်မှန်တိုင်းပါ။

သွေးပေါင်ချိန်တက်တဲ့အခါ သင့်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပါတယ်။ ဒီလို ကျဉ်းလာတဲ့အတွက် လိင်တံထောင်မတ်ဖို့ လိုအပ်တဲ့ သွေးပမာဏကို လုံလုံလောက်လောက် မရရှိနိုင်တော့ပါဘူး။ ဒါဟာလည်း ပန်းသေပန်းညှိုးရောဂါရဲ့ အကြောင်းရင်းတခုဖြစ်တဲ့အတွက် သင့်သွေးပေါင်ချိန်ကို မှန်မှန်တိုင်းတာစစ်ဆေးသင့်ပါတယ်။

၃။ အဆီအဆိမ့်လျှော့စားပါ။

အဆီအဆိမ့်တွေ အများအပြားစားခြင်းဟာ အပေါ်မှာမျှဝေပေးခဲ့တဲ့ အချက်နှစ်ချက်ကို တိုက်ရိုက်ကြီးသွားရောက် ထိခိုက်တာမို့ အဆီမရှောင်ရင် သင့်ပန်းကလေးခမျာ ပူဆာညှိုးခွေ ဖြစ်သွားပါလိမ့်မယ်။

၄။ ဆီးချိုရှိရင် သေချာကုပါ။

သွေးတွင်းသကြားဓာတ်များပြားခြင်းဟာ လိင်တံမှာရှိတဲ့ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့အတွက် ကုတင်ထက် စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့်မယ်။

၅။ ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။

ဆေးလိပ်ဟာလည်း သွေးကြောတွေကို ကျဉ်းစေနိုင်တဲ့အတွက် ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။လေ့လာချက်တွေအရ ဆေးလိပ်သောက်တဲ့အမျိုးသားတွေဟာ မသောက်တဲ့သူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်ချေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။ဒါဆိုရင် ဆေးလိပ်ကို အမြန်ဆုံးနည်းနဲ့ ဖြတ်ပါ။

၆။ အရက်လျှော့သောက်ပါ။

ဆေးလိပ်ပြီးတော့ အရက်လာပါပြီ။အရက်အလွန်အကျွံသောက်ခြင်းဟာလည်း ပန်းသေပန်းညှိုးရောဂါရစေနိုင်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အရမ်းကြီးများသွားအောင် မသောက်ရပါဘူး။

၇။ မူးယစ်ဆေး မသုံးပါနဲ့။

စိတ်ခံစားမှုကို တက်ကြွစေတဲ့ဆေးတွေ (ဥပမာ ကိုကင်း၊အမ်ဖက်တမင်း)ပဲဖြစ်ဖြစ်၊ငြိမ်ပြီးကျသွားစေတဲ့ ဆေးတွေပဲဖြစ်ဖြစ် (ဥပမာ ဆေးခြောက်) လိင်မှုရေးရာ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။မူးယစ်ဆေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောရဲ့ တုံ့ပြန်မှုကို နှေးကွေးစေတဲ့အပြင် သွေးကြောတွေကိုလည်းထိခိုက်စေပါတယ်။ဒါကြောင့် မူးယစ်ဆေးကို အဆန်းထွင်ပြီး အစမလုပ်ပါနဲ့။အစလုပ်ခဲ့မိရင်လည်း အမြန်ဖြတ်ဖို့ ကြိုးစားပါ။

၈။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကျန်းမာရေးအတွက်သာမက အိပ်ယာထက်က စွမ်းဆောင်ရည်ကိုပါ နည်းအမျိုးမျိုးနဲ့ တိုးတက်မြင့်မားစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင့်နှလုံးအားကောင်းပြီး အမောခံနိုင်လာမယ်၊တကိုယ်လုံးကို သွေးအသွားအလာကောင်းစေမယ်၊ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်မယ်၊စိတ်ဖိစီးမှုတွေကို လျော့ကျစေမယ် စသဖြင့် ကောင်းကျိုးအမျိုးမျိုး ရရှိစေနိုင်တာမို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။

၉။ သွေးတွင်း တက်စတိုစတီရုန်း ပမာဏကို စစ်ဆေးပါ။

သင့်အသက်သုံးဆယ်ကျော်လာပြီဆိုတာနဲ့ ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်း ပမာဏဟာ ဖြည်းဖြည်းချင်းလျော့နည်းလာပြီး အသက်ကြီးလာလေ ပိုကျလာလေပါပဲ။ဒီဟော်မုန်းပမာဏ အရမ်းနည်းသွားရင် လိင်စိတ်ဖြစ်ပေါ်မှုနဲ့ စိတ်သွားတိုင်းကိုယ်ပါမှုတို့ကို ထိခိုက်လျော့နည်းစေလာမှာ ဖြစ်တာကြောင့် သွေးတွင်းတက်စတိုစတီရုန်းပမာဏကို အလွယ်တကူ စစ်ဆေးကြည့်နိုင်ပြီး သင့်တော်တဲ့ ကုသမှုကို ခံယူနိုင်ပါတယ်။

၁၀။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

အိမ်ထောင်ရေး၊စီးပွါးရေး၊လူမှုရေး၊သားရေးသမီးရေး စသဖြင့် စိတ်ဖိစီးမှုတွေ စုပြံုလာတဲ့အခါ သင့်ရဲ့ ကျားမာန်ဟုန်လည်း ကျဆင်းလာနိုင်ပါတယ်။ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် စိတ်နဲ့ပဲပြန်ကုရပါမယ်။ တတ်နိုင်သမျှ စိတ်ကောင်းမွေးမြူခြင်း၊အကောင်းမြင်စိတ်ထားခြင်း၊တရားထိုင်ခြင်း၊ကိုယ်စိတ်ဖြေလျှော့ အပန်းဖြေခြင်း၊ခရီးထွက်ခြင်း စတာလေးတွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို တတပ်တအား လျှော့ချပေးနိုင်မှာပါ။

၁၁။ သင်သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပါစေ။

သင်နေ့စဉ်သုံးစွဲနေရတဲ့ အချို့သော ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေအဖြစ် လိင်စိတ်လျော့နည်းခြင်း၊ပန်းညှိုးခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်မို့ သင့်သဘောနဲ့သင် ဆေးဆိုင်က ဝယ်သောက်တဲ့ ဆေးပဲဖြစ်ဖြစ်၊ဆရာဝန်ညွှန်ကြားတဲ့ ဆေးပဲဖြစ်ဖြစ် ဘေးထွက်အာနိသင် ဘာတွေရှိမလဲဆိုတာကို ဆေးဗူးမှာ သေချာဖတ်ရှုပါ။

အထက်ပါ အချက် ၁၁ ချက်ကတော့ ပန်းသေပန်းညှိုးခြင်းကို အတိုင်းအတာတခုအထိ ရှောင်ရှားနိုင်စေဖို့ သတိပြု လိုက်နာဆောင်ရွက်ရမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ ဒါမှသာ သင့်အိမ်ထောင်ရေးဟာ သာယာမှုသုခတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကျန်းမာတဲ့ မိသားစုတခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပွင့်သော ပန်းတိုင်း လန်းကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly