ဖြိုးကိုကိုတင့်ဆန်းအမှုတွဲများကို ပြည်ထောင်စုတရားလွှတ်တော်ချုုပ်ရုံးမှ ကြည့်ရှုနေ

ဖြိုးကိုကိုတင့်ဆန်းအမှုတွဲများကို ပြည်ထောင်စုတရားလွှတ်တော်ချုုပ်ရုံးမှ ကြည့်ရှုနေ

 

နေပြည်တော်၊ မေလ-၉ ။       ။ ဖြိုးကိုကိုတင့်ဆန်း အမှုတွဲများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ တောင်းယူထားသည့်အတွက် မေလ ၉ ရက်နေ့ ရုံးချိန်းတွင်လည်း မစစ်ဆေးနိုင်သေးကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ ခရိုင် ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။

 “ကျွန်တော်တို့က သူ့ကို ရုံးကို တစ်ပတ်တစ်ခါ ချိန်းနေမှာပဲ။တစ်ပတ်တစ်ခါ ကျွန်တော်တို့ဆီမှာ ဒီ အငှားဖိုင် ဖွင့်ထားတာပေ့ါ။  အငှားဖိုင်ဆိုတာက စောစောက ဒီအမှုကို တောင်းခေါ်သွားပြီဆိုရင် ကျွန်တော်တို့က ဒီမှာ အငှားဖိုင်လေးဖွင့်လိုက်ရတာပေါ့။ အဲ့ဒီဟာနဲ့ ရမန်ပေးနေတာ။ စစ်နေတဲ့ တရားသူကြီးက ရမန်ပေးနေတာ။ အဲ့ဒီအပေါ်မှာမှ ကျွန်တေ်ာတို့က ဘာမှလုပ်လို့မရဘူး။တစ်ခု လာလျှောက်တယ် ။ ဘာမှ လုပ်လို့မရဘူး။ အမှုတွဲ မရှိတာပေါ့ သဘောကတော့။ အဓိကတော့ မူလ အမှုတွဲ မရှိလို့ဘာမှ လုပ်မရဘူး ဒီဟာတွေက ။ ဒီတိုင်းပဲရပ်ထားပေးရတယ်”ဟု ဦးခင်မောင်ထွေးက ပြောသည်။

၂၀၁၇ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်များ၊ မူးယစ်ဆေးဝါးတစ်ချို့နှင့်အတူ တွေ့ရှိရပြီးနောက် ဖြိုးကိုကိုတင့်ဆန်းအား ဖမ်းဆီးထားကာ တရားစွဲတင်ထားခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့်ပတ်သက်သော အမှုတွဲများကို ရာဇဝတ်အထွေထွေ အမှုအမှတ် ၅/၂၀၁၈ဖြင့် တောင်းထားသည့်အတွက်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ဧပြီလ ၁၉ ရက်နေ့တွင် ပေးပို့ထားခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ တရားရုံးချုပ်မှ ဒက္ခိဏခရိုင်တရားရုံးသို့ ၄င်းအမှုတွဲအား မည့်သည့် အချိန်တွင်ပြန်လည်ပေးပို့မည်ကို မသိရှိကြောင်းနှင့် ယခုကဲ့သို့သော တောင်းယူကြည့်သည့် အလားတူဖြစ်စဉ်မျိုးလည်း အခြားအမှုများတွင်လည်း ရှိကြောင်း  သိရသည်။

"သူတို့ဆီက ပြန်ပို့လာမှပဲ ဘယ်လောက်ကြာပြီဆိုတာ အဲ့လောက်ပဲသိပါတယ်။ နောက်တစ်ခါဘာအမှုနဲ့ ခေါ်တယ်ဆိုတာ အဲ့အချိန်ကျမှပဲ ကျွန်တေ်ာတို့က သူ့ဆီက အမိန့်တစ်ခု ပါလာမှာပေါ့နော်။ ယူကြည့်တဲ့အခါမှာ အမိန့်ကျတော့မှ အဲ့တော့မှ  အော် ဘာအတွက် ဘယ်သူက သွားလျှောက်လို့ ဒီဟာကတောင်းခေါ်တယ်။ ဘာအမိန့်ချလိုက်တယ်။ ဟုတ်လား အဲ့ကျပဲ ကျွန်တော်တို့ကပဲ သိမှာ။ကြာရတဲ့ အကြောင်းအရင်းလည်း ဟိုကနေလာတဲ့ အချိန်ကျမှပဲ ကျွန်တေ်ာတို့က သိမှာ။ အဲ့တော့မှ ဒီက အမှုက ဆက်သွားမှာပေါ့”ဟု ဦးခင်မောင်ထွေးက ဆိုသည်။

 ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအား ဒက္ခိဏသီရိခရိုင် တရားရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါတရားရုံးတွင်   တရားစွဲတင်ထားသည်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော အမှု၊ လက်နက် ဥပဒေဖြင့် အမှု ၊ ဆက်သွယ်ရေးပုဒ်မဖြင့် အမှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ အမှု၊နိုင်ငံတော် အထိန်းအမှတ်တံဆိပ်အမှု၊ ပို့ကုန်သွင်းကုန် ဥပဒေအမှု၊ ထို့အပြင် အမှုနှင့် ဆက်စပ်သည့် တရားခံပြေးမှု ၂မှု စသည့် အမှုများဖြင့် နေပြည်တော် ဒက္ခိဏ သိရိ ခရိုင်တရားရုံးတွင် စွဲတင်ထားသည်။

အမှုဖြစ်စဉ်အကျဉ်းမှာ ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၅ရက်၊ ည ရနာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့ဝင်နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးအချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly