မုံရွာတွင် ဧည့်လမ်းညွှန်သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်မည်

မုံရွာတွင် ဧည့်လမ်းညွှန်သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်မည်
  ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရာ ကနီမြို့နယ်ရှိ တွင်းမကျေးရွာ။

 

မုံရွာ၊ မေ ၉။                      ။ ခရီးသွားများလာရောက်လည်ပတ်ရာတွင် လိုက်ပါလမ်းညွှန်နိုင်ရန်အတွက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို မုံရွာမြို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုလာမည့် မေလ ၂၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ ငါးသောင်းကျပ်ဖြစ်ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားမြှင့်တင်နေပါတယ်။ အဲ့ဒီအချိန်မှာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားတဲ့လူငယ်တွေများလာအောင် ရည်ရွယ်ပြီး သင်တန်းဖွင့်တာပါ။ သင်တန်းပြီးဆုံးတာနဲ့ ဒေသတွင်းလိုင်စင်ထုတ်ပေးသွားပါ့မယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်ကပြောသည်။

အဆိုပါ ဒေသတွင်းလိုင်စင်ရရှိထားပြီးပါက စစ်ကိုင်းတိုင်းအတွင်း၌ မည့်သည့်နေရာတွင်မဆို ဧည့်လမ်းညွှန်လိုက်ပါနိုင်ကြောင်း၊ ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုဖွင့်လှစ်မည့် ဧည့်လမ်းညွှန်သင်တန်းအား တက်ရောက်လိုပါက ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနဆို လာရောက်ကာ လျှောက်လွှာဝယ်ယူနိုင်ပြီး သင်တန်းသား ၁၂၀ ဦးထိသာ လက်ခံသွားမည်ဖြစ်ကာ မေလ ၁၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း  သိရသည်။

သင်တန်းတက်ရောက်လိုသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ စစ်ကိုင်းတိုင်းအတွင်း အမှန်တကယ်နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly