စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းစီမံကိန်း၏ ပြီးမြောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်

စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းစီမံကိန်း၏ ပြီးမြောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မေ ၉ ။                   ။ အခြေခံရေနှင့်ဆိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်အတွက် စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစီမံကိန်း၏ ပြီးမြောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၉ ရက်၊နံနက် ၉ နာရီ ၃၀ မိနစ်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၆ ထပ်ဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါစီမံကိန်းကို ၂၀၁၅ခုနှစ်၊မေလမှစတင်၍ မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်မှုများပြုလုပ်ရာတွင် ရေနှင့်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲလျှက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့်အခြားဆက်စပ်အဖွဲ့အစည်းများဖြင့်ဆောင်ရွက်ခဲ့ရာ၂၀၁၈ခုနှစ် မေလအတွင်းတွင် ပြီးမြောက်မည်ဖြစ်သည်။

ထိုသို့ သုံးနှစ်တာ စီမံကိန်းကာလအတွင်း ရရှိခဲ့သော ရလဒ်များဖြစ်သည့် မန္တလေးမြို့တွင် ရေနှင့်ဆိုင်ရာသဘာဝပတ်ဝန်းကျင်အတွက် လုပ်ဆောင်ခဲ့သည်များနှင့်ပိုမိုကောင်းမွန်သော ရေနှင့်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုများကို ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ဒုဋ္ဌဝတီမြစ်ဝှမ်းနှင့်ရန်ကုန်မြို့တွင် လှိုင်မြစ်ဝှမ်းတို့ကို အဓိကထား ဆန်းစစ်သုသေတနပြုခြင်းများဆောင်ရွက်ခဲ့သည်။ထိုသို့ အဓိကထား ဆောင်ရွက်ခဲ့သည့်နေရာများသည် စက်မှုဇုန်များစွာတည်ရှိနေပြီး ၎င်းနယ်ပယ်များသည် စက်မှုဇုန်များ၏ စွန့်ပစ်ရေများ၏ မြစ်ရေအရည်အသွေး အပေါ် အကျိုးသက်ရောက်စေမှုများကို ဖော်ထုတ်နိုင်ရန်အတွက် အကောင်းဆုံးဖြစ်ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြစ်ဝှမ်းတို့၌ မြစ်ရေ အရည်အသွေးအပေါ် စက်မှုဇုန်များမှ စွန့်ပစ်ရေကြောင့် ထိခိုက်မှုကိုဖော်ထုတ်ရန် ရေအရည်အသွေးစစ်တမ်းကောက်ယူခြင်းကို ၅ ကြိမ်ပြုလုပ်ခဲ့သည်။ထိုသို့ပြုလုပ်ရခြင်းမှာ မြစ်ရေ အရည်အသွေးနှင့်ညစ်ညမ်းမှုဖြစ်စေသည့် ဇာစ်မြစ်များဆိုင်ရာ အချက်အလက်များ ပြုစုရန်အတွက်ဖြစ်သည်။ရလဒ်များကိုအသုံးပြုပြီး ရေထုညစ်ညမ်းမှု ထိန်းချုပ်ခြင်းဆိုင်ရာ ကွဲပြားသော နည်းလမ်းများကို ဖော်ထုတ်သွားမည်ဟု စီမံကိန်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဝန်ကြီး၊ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များ၊စည်ပင်သာယာရေးကော်မတီမှဒုမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required