မသန်စွမ်းသူများကို အကြောင်းပြကာ မဲမသမာမှုမရှိစေရေး ပညာပေးသင့်ဟုဆို

မသန်စွမ်းသူများကို အကြောင်းပြကာ မဲမသမာမှုမရှိစေရေး ပညာပေးသင့်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၉ ။        ။ မသန်စွမ်းမှုကို အကြောင်းပြုကာ မဲမသမာမှုများ ရှိခဲ့ဖူးသည့်အတွက် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ မဲပေးရာတွင် မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ပြင်ဆင်မှုလိုအပ် သည်ဟု အလွတ်တန်းမသန်စွမ်းမှုဆိုင်ရာ ပညာရှင် ကိုဇင်မင်းထက် ကပြောသည်။

"၂၀၀၈ ဖွဲ့စည်းပုံကို မဲပေးတုန်းက မဲရုံထဲမှာ မဲထည့်ဖို့ကူညီတဲ့သူက အမှန်ခြစ်လိုက်ပါလားလို့ပြောတယ်" ဟု ကိုဇင်မင်းထက်က သူ့အတွေ့အကြုံကို ပြောပြသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲတို့တွင် မသန်စွမ်းများမှာ မဲပေးခွင့်ရရှိခဲ့သော်လည်း မသန်စွမ်းအများစုသည် မဲပေးခွင့်မရခြင်း၊ မိမိဆန္ဒအလျောက် မဲပေးခွင့်မရခြင်းများ ရှိခဲ့ကြောင်း မသန်စွမ်း သူများနှင့် မသန်စွမ်းအဖွဲ့အစည်းများ၊ စောင့်ကြည့်လေ့လာသူများ၏ ပြောကြားချက်များအရ သိရ သည်။

" မဲရုံမှူးတွေကို ပညာပေးတဲ့အခါ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ မဲပေးနိုင်ဖို့ ဘယ်လို ကူညီရမယ်ဆိုတာမျိုး ပါသင့်တယ် ထင်တယ်" ဟု I School မြန်မာမှ မသန်စွမ်းအရေး လှုပ်ရှားသူ ကိုရဲဝင်း ကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအရေအတွက်မှာ တစ်ရာနီးပါးရှိပြီး မသန်စွမ်းများက ပါတီများအကြောင်း သိနိုင်ရန်နှင့် ရွေးချယ်မဲပေးရာ၌ အခက်အခဲများ ရှိနိုင်ကြောင်း ကိုဇင်မင်း ထက် ကဆိုသည်။

" ဘယ်ပါတီကို ပေးရမှန်း မသိတဲ့ မသန်စွမ်းတွေကို ကူညီတဲ့သူက သူကြိုက်တဲ့ပါတီကို ပေး ခိုင်းတာမျိုး ဖြစ်လာနိုင်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင်  မဲရုံများ တည်ဆောက်ပုံ၊ မဲပေးသူပညာပေးမှုတို့အပြင် မှတ်ပုံတင် မရှိသည့်အတွက် မသန်စွမ်းများ မဲမပေးနိုင်သည်များ များစွာရှိခဲ့ကြောင်း ဧဒင်မသန်စွမ်းသက်ငယ် များပြုစုရာ ရိပ်မြုံ၏ မန်နေဂျာ ကိုဌေးအောင်က ပြောသည်။

ထိုအခြေအနေများကို အခြေခံ၍ လာမည့်ရွေးကောက်ပွဲတွင် ပြင်ဆင်နိုင်ရန် မသန်စွမ်း အဖွဲ့များက ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုတိုက်တွန်းချက်များကို ဆွေးနွေးလျက်သည်။

ရွေးကောက်ပွဲကာလတွင်လည်း စောင့်ကြည့်ရမည်ဟုလည်း ဆိုသည်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအပြီး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံလူဦးရေ  ၅၁ သန်းတွင် မသန်စွမ်းသူဦးရေမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။ ထိုအထဲမှ မဲပေးနိုင်မည့် ဦးရေမှာ ၇ သိန်းခန့် ရှိနိုင်ကြောင်း မသန်စွမ်းအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required