ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့သို့ လာရောက်ခိုလှုံနေရ

ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့သို့ လာရောက်ခိုလှုံနေရ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

မြစ်ကြီးနား၊ မေ ၉ ။        ။ ကချင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများထံ လာရောက်ခိုလှုံနေရကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်အများစုမှာ မေခ၊ မလိခ မြစ်ဆုံအနီးက တန်ဖရဲရွာမှ၊ ကက်သလစ်သာသနာ မာရိယာကောင်းကင်ဘုံသခင်မဘုရားကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး အနည်းဆုံး လူဦးရေ ၁၂၀၀ ခန့် ရှိနေသည်။

“ မနေ့က စာရင်းတော့မပါသေးဘူး တစ်နေ့က စာရင်းအရဆို ၁၂၀၀ ပေါ့။ လူဦးရေက။ အိမ်ထောင်ကတော့ ၂၅၀ ကျော်တယ်ထင်တယ် “ ဟုအဆိုပါဘုရားကျောင်းတွင် ရွာလုံးကျွတ်လာရောက်ခိုလှုံနေရသည့်  အင်ဂျန်းယန်မြို့နယ်ရှိ စွပ်နမ်ရန်ရွာမှ ဒေါ်ကိုင်လ်ကြားကပြောသည်။

အဆိုရွာအပြင် ၁၆ မိုင်ရွာ အစရှိသည့် အင်ဂျန်းယန်မြို့နယ်ထဲရှိ ကျေးရွာအများစုမှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့ ၄င်းတို့၏ရွာထဲတွင် တိုက်ပွဲစဖြစ်သည့် ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်ကတည်း ထွက်ပြေးလာရခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ ၅၀ ကျော်လောက်က ဟိုး တောထဲမှာကျန်နေတာ အခက်အခဲများလို့ ဒီကိုမရောက်လာတာ။ ၂၅၀ လောက် ဒီကိုရောက်နေတာ “ ဟု ၁၆ မိုင်ရွာမှ စစ်ရှောင်လာသည့် ဦးတိုးလ်မိုင်လ် ကပြောသည်။

အလားတူ ရွာသားအများစုမှာ ၎င်းတို့ ပိုင်ဆိုင်သည့်  ကြက်၊ ၀က်၊ နွားများအပြင် အိမ်များကိုပါစွန့်၍ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

တန်ဖရဲရွာက၊ ကက်သလစ်ဘုရားကျောင်းသို့စစ်ရှောင်သူများမှာ အနည်းဆုံး ၂ ကြိမ်ခန့် ယခုကဲ့သို့ စစ်ရှောင်ရဖူးပြီး ရွာပြန်သည့်အခါတွင် ၎င်းတို့ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများမရှိတော့မည်ကိုလည်း စိုးရိမ်နေကြသည်။

“ ကျွန်တော်တို့ ပစ္စည်းရှိနေဦးပါ့မလားဆိုတာ မသေချာတော့ပါဘူးဗျာ “ ဟု ပုံဆွေယမ်ရွာမှ ဦးကပ်တူးလ်နမ် ကပြောသည်။

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်ရင်း ၄ တပ်စွဲထားသည့် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်တွင် ဧပြီနှင့် မေလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ  ဆက်တိုက်ဖြစ်ပွားနေဆဲလည်းဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့ကစပြီး အင်ဂျန်းယန်မြို့နယ် ၁၆ မိုင်နဲ့ ၁၇ မိုင်ကြား၌ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ အချိန် မေလ ၉ ရက်နေ့အထိ စစ်ဘေးရှောင်များတိုးလာနေဆဲလည်းဖြစ်သည်။

တနိုင်းမြို့နယ်ထဲမှ ဒေသခံထောင်ကျော်သည် လည်း တောထဲတွင် ပုန်းအောင်းခိုလှုံနေကြသေးပြီး ပြည်နယ်အစိုးရဘက်မှ ပြန်လည်ကယ်ဆယ်ရန်ကြိုးပမ်းနေပြီး အချို့မှာ စစ်ဘေးလွတ်ရာဒေသသို့ ရာက်ရှိလာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly