မုံရွာတွင် မူးယစ်တရားခံပြေးနေအိမ်အား ဝင်ရောက်ရှာဖွေရာမှ သေနတ် ၃ လက်အပါအဝင် ကား၊ ဆိုင်ကယ်များ ဖမ်းမိ

မုံရွာတွင် မူးယစ်တရားခံပြေးနေအိမ်အား ဝင်ရောက်ရှာဖွေရာမှ သေနတ် ၃ လက်အပါအဝင် ကား၊ ဆိုင်ကယ်များ ဖမ်းမိ

မေ ၈ ရက်၊ မုံရွာ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် ကျောက်စစ်ပုံမြောက်ရွာတွင် မေလ ၈ ရက် နံနက်ပိုင်း ၅ နာရီခွဲအချိန် မုံရွာနယ်မြေရဲစခန်း မယ(ပ)၈/၂၀၁၂ အမှုမှ တရားခံပြေး နိုင်ထွန်း(ခ)အောင်နိုင်ထွန်း (၄၅)နှစ်သည် ရွာရှိ နေအိမ်ခြံအတွင်းသို့ ရောက်ရှိနေကြောင်း သတင်းအရ သက်သေများဖြင့် ဝင်ရောက်ရှာဖွေရာ လူတွေ့ရှိခြင်းမရှိဘဲ ကား၊ ဆိုင်ကယ်နှင့် သတ္တု/ကော်ကြွပ်ဖြင့် ပြုလုပ်ထားသည့် သေနတ်များ တွေ့ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့သတင်းများအရ သိရသည်။

ဝင်ရောက်ရာတွင် တိုင်းရဲတပ်ဖွဲ့မှူး အနီးကပ်ကြပ်မတ်၍ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသော တပ်ဖွဲ့ဝင်များ မြို့နယ်အုပ်ချုပ်းရေးမှူး ဦးစီးအဖွဲ့ဝင်းများဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး ယာဉ်အမှတ် -3B/2664 (HILUX အဖြူရောင်)၁စီး၊ 6E9889 (SURF-အဖြူရောင်)၁စီး၊ စုစုပေါင်းကား (၂)စီး၊ဖြူနီရောင် 125ဆိုင်ကယ်(၁)စီး၊ အနက်ရောင် ကလပ်ဆိုင်ကယ်(၁)စီး၊ နက်/နီရောင် ကလပ်ဆိုင်ကယ်(၁)စီး စုစုပေါင်း ဆိုင်ကယ်(၃)စီး၊ (AK47-568 )နံပတ်ပါ ကော်ကြွပ်ဖြင့် ပြုလုပ်သော ကော်စိထည့် ပစ်ခတ်ရသော အရှည်(၃)ပေခန့်ရှိ သေနတ်(၁)လက်၊ သတ္တုဖြင့် ပြုလုပ်သော ကော်စိထည့်ပစ်ခတ်ရသော ပစ္စတို (၂)လက်၊ ဒူးလေး(၁) လက်၊ ဒူးလေးဖြင့် အသုံးပြု ပစ်ခတ်ရသော မြှား (၁၀)ချောင်း၊ ငှက်ကြီးတောင်ဓား (၂)ချောင်း၊ ဓားမြှောင် (၃)ချောင်း၊ ခေါက်ဓား (၃)ချောင်း၊ စကေပါ(၁)ချောင်း၊ ပေါက်စိန်(၁)ချောင်း၊ လက်ကိုင်ဖုန်း (၁၃)လုံး၊ ဆင်းကဒ် (၁၂)ကဒ်၊ မော်တော်ယာဉ် ဖောင်းကြွနံပတ်ပြား (၁၃)ချပ်၊ညကြည့် မှန်ပြောင်း (၂)ခု ငွေစက္ကူရောရာ (၃)သိန်းကျပ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများသည် မူးယစ်ဆေးဝါး ရောင်းဝယ်၍ ရရှိသော အကျိုးအမြတ်ဖြင့် ဝယ်ယူထားသည်ဟု သင်္ကာမကင်းသဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ သိမ်းဆည်းရမှုနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly