တိုင်းနှင့်ပြည်နယ် ရ ခုတွင် အိမ်သုံးဆိုလာပြားများတပ်ရေးအတွက် ခေါ်ယူထားသော တင်ဒါများကို ဖွင့်ဖောက်စစ်ဆေး

တိုင်းနှင့်ပြည်နယ် ရ ခုတွင် အိမ်သုံးဆိုလာပြားများတပ်ရေးအတွက် ခေါ်ယူထားသော တင်ဒါများကို ဖွင့်ဖောက်စစ်ဆေး

 

နေပြည်တော်၊မေ ၈ ။               ။ တိုင်းနှင့်ပြည်နယ် ရ ခုတွင် မီးလင်းနိုင်ရန် တစ်အိမ်သုံးဆိုလာပြားများတပ်ဆင်နိုင်ရေးအတွက် ခေါ်ယူထားသော တင်ဒါများကို ယနေ့ မေလ ၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် တင်ဒါများကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် ပြည်နယ်နှင့်တိုင်း ရ ခုတွင် အိမ်သုံးဆိုလာပြားများ တပ်ဆင်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီများမှတင်သွင်းလာသော တင်ဒါများထဲမှ စျေးနှုန်းနှင့် ပစ္စည်းအရည်သွေးဆိုင်ရာ အချက်အလက်များကို ယနေ့ မေလ ၈ ရက်တွင် နှိုင်းယှဉ်ရွေးချယ်သွားမည်ဖြစ်ပြီး အရည်အသွေးကောင်းဆုံးနှင့် စျေးနှုန်းအနည်းဆုံး ကုမ္ပဏီကို ရက်ပေါင်း ၉၀ အတွင်း ကြေညာသွားမည်ဖြစ်သည်။

“ဒီ ICB S and I-DRD-1 ကိုတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ပေ့ါ။ နိုင်ငံတော်ဘတ်ဂျက်ဆိုတာကလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ယခင်နှစ်တွေက တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့တဲ့ ICB S and SNI 1-2 လိုပဲ ။ နိုင်ငံတကာတင်ဒါ အပြိုင်ခေါ်ယူခြင်းစနစ်ပေါ့ ။ စောစောက ကျွန်တော် ပြောခဲ့တဲ့ International Competitive Bidding Method- ICB နည်းလမ်းအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားခဲ့သည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါ တိုင်းနှင့်ပြည်နယ် ရ ခု တွင် Lot ၅ ခု ခွဲကာ အိမ်သုံးဆိုလာစနစ်ပေါင်း ၆ သောင်းကျော်၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဆိုလာ စနစ် ၄၇၄ စုံနှင့် လမ်းမီးတိုင်ပေါင်း ၁၅၀၀ ကျော်ကို တပ်ဆင်ပေးသွားရမည်ဖြစ်သည်။

တင်ဒါ တင်သွင်းလာသော ကုပမ္မဏီများအား ဘက်ထရီနှင့် ဆိုလာပြားများကို မည်သည့် နိုင်ငံမှ ထုတ်သည့် ပစ္စည်းများကို တင်သွင်းရမည်ဟု တင်ဒါတွင် သတ်မှတ်ထားခြင်းမရှိသော်လည်း အဆိုပါပစ္စည်းများကို ဓာတ်ခွဲခန်းတွင် ကျွမ်းကျင်ပညာရှင်များနှင့် စမ်းသပ်ခံရမည်ဖြစ်ကာ၊ ICB (International Competitive Bidding)စည်းမျဉ်းစည်းကမ်းများအတိုင်း အာမခံချက်များကိုတောင်းထားကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောသည်။

ထို့ပြင် တစ်အိမ်သုံးဆိုလာစနစ်များ၏ အရည်အသွေး အာမခံချက်နှင့် ပတ်သက်ပြီး တာဝန်ယူမှုရှိကြောင်း ကို “ဘယ်နိုင်ငံက ထုတ်ထုတ်၊ ဘယ် Brand နဲ့ပဲလာလာ၊ ICBရဲ့ နည်းလမ်းအရ ကိုက်ညီရင် ရွေးချယ်ပါတယ်။ စံသတ်မှတ်ချက်အရ ဘက်ထရီဆိုရင် ၃ နှစ်နဲ့ ဆိုလာပြားဆိုရင် ၁၀နှစ်အာမခံချက်ရှိပါတယ်” ဟု ၄င်းက မေလ ၄ ရက်နေ့က National Electrification Project ၏ လူမှုကွန်ယက် စာမျက်နှာတွင် သတင်းထုတ်ပြန်ချက် ပြောထားသည်။

အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ်တွင် ဆိုလာအသေးစားစနစ်နှင့် ဆိုလာအကြီးစား စနစ်ဟု နှစ်မျိုးရှိပြီး အသေစားစနစ်တွင် ၆၀ ၀ပ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ တန်ဖိုးအားဖြင့် ၅၀၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။  တစ်ရစ်လျှင် ၂၅၀၀၀နှုန်းဖြင့် ၂လ ပေးချေရမည်ဖြစ်ပြီး၊ အကြီးစားစနစ်တွင် ၁၅၀၀၀၀ကျပ် နှုန်းကျသင့်မည် ဖြစ်ကာ ရ၅၀၀၀ ကျပ် နှုန်းဖြင့် ၂လ ပေးချေရမည်ဖြစ်သည်။

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို(NEP) ကို အစိုးရနှင့် ကမ္ဘာ့ဘဏ်မှ ၉၀ ရာခိုင်နှုန်း ကျခံကာ ပြည်သူမှ ၁၀ရာခိုင်နှုန်း ကျခံရမည်ဖြစ်ပြီး၊ ကျေးရွာများတွင် အများပြည်သူသုံးစနစ်များဖြစ်သည့်(ဘာသာရေး အဆောက်အဦ၊ ဆေးပေးခန်း၊ စာသင်ကျောင်းနှင့် လမ်းမီး)များကို စီမံကိန်းမှ ရာနှုန်းပြည့် တပ်ဆင်ပေးသွား မည် ဖြစ်သည်ဟု သိရသည်။

အမျိုးသားဓာတ်အားရရှိရေးစီမံကိန်းမှ ဆောင်ရွက်သည့်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်များမီးလင်းရေး တစ်အိမ်သုံးဆိုလာစနစ်များတပ်ဆင်ရေး အတွက် ၂၀၁၆-၁၇ခုနှစ်တွင် ကျေးရွာပေါင်း ၂၇၀၈ ရွာအတွက် Mini Grid (အသေးစားဓာတ်အားပေးစနစ်) အပါအဝင် ဆိုလာပြားပေါင်း ၁၄၀၀၀၀ ကျော်တပ်ပေးခဲ့ ပြီး အမေရိကန် ဒေါ်လာ ၂၇ သန်းခန့် ကုန်ကျခဲ့ သည်ဟု ကျေးလက်မီးလင်းရေးနဲ့့ စံပြကျေးရွာ တည်ေထောင်ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required