အမျိုးသားတိုးတက်ရေးပါတီက မဲဆွယ်စည်းရုံးရေး ကာလထိ တစ်ရက်ခြား ရုံးခွဲ သုံးရုံး ဖွင့်လှစ်မည်

အမျိုးသားတိုးတက်ရေးပါတီက မဲဆွယ်စည်းရုံးရေး ကာလထိ တစ်ရက်ခြား ရုံးခွဲ သုံးရုံး ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၂၉ ။        ။ အမျိုးသားတိုးတက်ရေးပါတီ NDP က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် မဲဆွယ်စည်းရုံး ရေး ကာလထိ တစ်ရက်လျှင်ရုံးခွဲ သုံးရုံးနှုန်း ဖွင့်လှစ်မည်ဟု ပါတီဗဟိုအလုပ် အမှုဆောင်၊ ရန်ကုန်တိုင်း စည်းရုံး လှုပ်ရှားမှုတာဝန်ခံ ဦးမြတ်စိုးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမှအပ ကျန် ၃၇ မြို့နယ်အားလုံးတွင် တစ်ရက်ခြား ပါတီရုံး သုံးရုံး ဖွင့်လှစ်မည် ဖြစ်သည်။ သြဂုတ်လ ၂၈ ရက်နေ့၌ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး လာမည့် ၃၀ ရက်နေ့တွင် ကော့မှူး၊ လှိုင်သာယာ၊ ကမာရွတ်မြို့နယ်တို့ ဖွင့်လှစ်မည်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများကို စက်တင်ဘာ ၈ ရက်မှ စတင်၍ နိုဝင်ဘာ ၆ ရက်နေ့အထိ မဲဆွယ် စည်းရုံးရေး ကာလအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

စက်တင်ဘာ ၉ ရက်တွင် မရမ်းကုန်း၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ပါတီရုံးခွဲများ ဖွင့်လှစ်မည်ဟု ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်အိအိစိန်က ပြောသည်။

ဒေါက်တာနေဇင်လတ် ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည့် NDP ပါတီရုံးခွဲများကို ယနေ့ထိ ရန်ကုန်မြို့တွင် ၄ ရုံး၊ မွန်ပြည်နယ်တွင် ၆ ရုံး၊ တနင်္သာရီတိုင်းတွင် ၃ ရုံး အပါအဝင် တစ်နိုင်ငံလုံး ရုံးခွဲ ၄၀ ကျော် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်နေ့တွင် ကယားပြည်နယ်၊ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့၌ ဆက်ဖွင့်သွားမည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လင်းကျော်သူထွန်းက မဇ္ဈိမကို ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required