“ လွမ်းဖွယ့် လွှတ်တော် ”

“ လွမ်းဖွယ့် လွှတ်တော် ”

ခုဆိုရင် ရပ်လိုက်၊ ပြန်ကျင်းပလိုက် လုပ်ခဲ့တဲ့၊ အလွန်ကြာရှည်ခဲ့တဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ပြီးဆုံး ရပ်နားလိုက်ပါပြီ။ လွှတ်တော်နာယက အပါအဝင် အမတ် တွေ အတွက်ကတော့ အခုတစ်ကြိမ် အစည်းအဝေးတွေ ရပ်နားလိုက်ချိန်ဟာ အရင် အစည်းအ ဝေးတွေတုန်းကလို ပျော်ပျော်ရွှင်ရွှင်နဲ့ ရပ်နားခဲ့ကြတဲ့ အစည်းအဝေး ပုံစံမျိုး မဖြစ်ခဲ့ပါဘူး။ အရင် လွှတ်တော် အစည်းအဝေးတွေ တုန်းကဆို သောကြာနေ့ ရောက်ရင်ကိုပဲ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “ ဒီနေ့ သောကြာနေ့လေ၊ သိနေတယ်နော” ဆိုပြီး အမတ်တွေ စနေ၊ တနင်္ဂနွေ အိမ်ပြန်ချိန် လည်တဆံ့ဆံ့ ဖင်တကြွကြွဖြစ်နေ ကြပုံကို ရယ်စရာမောစရာ ပြောဆိုခဲ့သည်အထိ ပျော်ရွှင်စရာ ဖြစ်ခဲ့ကြတာပါ။

အခု ၁၂ ကြိမ်မြောက် အစည်းအဝေး စတင်စဉ်ကတည်းက လွှတ်တော်နာယက သူရဦးရွှေ မန်းရဲ့ မျက်နှာမှာ ဒီလိုရွှင်ပျနေတာတွေ မတွေ့ရတော့သလို၊ တစ်ခါတစ်ရံ စင်မြင့်ထက်ကနေ အာဏာရှင်ဆန်တဲ့ စကားလုံးတွေနဲ့ မာမာထန်ထန် ပြောဆိုခဲ့မှု မျိုးတွေကိုလည်း မတွေ့မမြင်ကြရ တော့ပါဘူး။ လွှတ်တော်အခြေအနေ အားလုံးဟာ ပြည်ခိုင်ဖြိုးပါတီအတွင်း သူရဦးရွှေမန်းနဲ့ သူ့ကိုထောက်ခံသူတွေ ကိုခေါင်းဆောင်မှု နေရာတွေကနေ ဖယ်ရှားရာကနေ အစပြုပြီး ပြောင်းလဲသွား တာ ဖြစ်ပါတယ်။

လွှတ်တော် စစချင်းမှာကိုပဲ ပြည်ခိုင်ဖြိုး အမတ်တချို့ကနေ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်ကို ရပ်နားပေးဖို့ အရေးကြီး အဆိုတင်ပြ တောင်းဆိုပါတယ်။ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော်ဘက်ကတော့ အဆိုကို မဲခွဲဆုံးဖြတ်ပြီး စောစောစီးစီးပဲ ရပ်နား ပေးလိုက်ပါတယ်။

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကတော့ ဥက္ကဋ္ဌရဲ့ ဉာဏ်အမြော် အမြင်နဲ့ ဆက်ကျင်းပပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရပ်နားပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးထူး ခြားခြား မြင်ရတာက သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် ရပ်တည်ချက် ကွာခြားသွားတဲ့ ကိစ္စပါ။ တကယ်တော့ လွှတ်တော်အစည်းအဝေးတွေ စတင်စဉ်ကစ ပြဿနာ အတော်များများမှာ သူရဦး ရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့နှစ်ယောက် ရပ်တည်ချက် တစ်ထပ်တည်း နီးနီးကျခဲ့ကြတာ တွေ့ရပါ တယ်။ အထူးသဖြင့် သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ဘက်ကို ဝေဖန်ရာမှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ အရေးကြီး မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ လုပ်ရာမှာလည်း ရပ်တည်ချက်အတူတူနဲ့ တက်ညီလက်ညီ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးခင်အောင်မြင့်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုင်ရာ ဥပဒေပြင်ဖို့ ကြိုးစားရာမှာ ဖွဲ့စည်း ပုံနဲ့ မညီဘူးလို့ ထောက်ပြတဲ့ တပ်မတော်သားအမတ်ကို မင်းအနေနဲ့ ဖွဲ့စည်းပုံနဲ့ ညီ၊ မညီပြောပိုင်ခွင့် မရှိဘူး ဆိုသည်အထိ ငေါက်ငမ်းခဲ့ဖူးသလို၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ရွေးကောက်ပွဲ ကာလမှာ ပြည်ခိုင်ဖြိုးပါတီကနေ ကန်ထုတ်ဖို့လုပ်တဲ့ ဥပဒေအတွဲကို ပြည်သူ့လွှတ်တော်ဘက် မဲခွဲစဉ်တုန်းက အကြိမ်ကြိမ် မတ်တပ်ရပ် ကန့်ကွက်ကြတဲ့ တပ်မတော်သား အမတ်တွေကိုလည်း သူရဦးရွှေမန်းက “ သနားတယ်” ဆိုပြီး ပြောဆိုခဲ့ကြသည်အထိ ရပ်တည်ချက်ချင်း တူခဲ့ကြပါ တယ်။

အခု လွှတ်တော်အစည်းအဝေးမှာတော့ လွှတ်တော်နှစ်ခု ရပ်တည်ချက်ချင်း မတူကြတော့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်တွေကသာ အထီးတည်း ကျင်းပခဲ့ရတာ တွေ့မြင်ရပါတယ်။ ပြောရရင် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေဟာ ခြောက်ကပ်ကပ် နိုင်လှပြီး ပျော်ရွှင် မှု ကင်းမဲ့နေတာကိုလည်း တွေ့မြင်ကြရပါတယ်။

တကယ်တော့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာ တော်ပြီးထက်မြက်တဲ့ စစ်ဗိုလ်ချုပ် ဟောင်း နိုင်ငံရေးသမားတွေပါ။ အရင် စစ်အာဏာရှင်တွေက လက်ညှိုးထောင်ခေါင်းညိတ် သာသာ လွှတ်တော်ဖြစ်အောင် ဖန်တီးသွားတာကို ရတဲ့ အခြေအနေအောက်ကနေ တကယ် အသက်ဝင်လာအောင် အသက်သွင်း ဖန်တီးနိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

ဒီလို ဖန်တီးရတာ လွယ်တာတော့ မဟုတ်ပါဘူး။ လွှတ်တော်ထဲက အများစုကြီးသော ပြည်ခိုင်ဖြိုးအမတ်တွေကို စည်းရုံး သိမ်းသွင်းရသလို၊ တခြားပါတီတွေက လူနည်းစုအမတ်တွေကိုပါ ကိုယ့်ဘက်ပါ လာအောင် ဆွဲဆောင်ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန် အတိုက်အခံလုပ်မယ်ဆိုပြီး လွှတ်တော်ထဲ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကိုတောင် ခင်မင် ယဉ်ပါး သွားအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အရေးကြီးတဲ့ စွမ်းဆောင်နိုင်မှုကတော့ စစ်အာဏာရှင် တွေ တစ်ဦးချင်း နေရာချ ဖန်တီးတည်ထောင်ပေးသွားတဲ့ လွှတ်တော်ကို နိုင်ငံတကာကပါ အသိ အမှတ်ပြု လာအောင် အကောင်အထည် ဖော်နိုင်ခဲ့ခြင်းပါပဲ။

နောက်ပိုင်းကျမှသာ သမ္မတဖြစ်ဖို့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကြီး၊ ကိုယ်တိုင်လည်း ထက်မြက်တဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်သူ သူရဦးရွှေမန်းရဲ့ လွှတ်တော်ကို အသုံးပြုပြီး သမ္မတဖြစ်ရေး မရမက ကြိုးပမ်းမှုကနေ အစပြုကာ လွှတ်တော်တွင်း အခြေအနေတွေ တစ်မျိုး တမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူပြောရရင် လွှတ်တော်တွင်းကို ဂိုဏ်းဂဏ ပြဿနာ ရောက်ရှိလာရာကနေ လွှတ်တော်ဟာ ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားတယ်လို့တောင် ပြောဆိုနိုင်ပါတယ်။ နောက်ပိုင်း အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ကို သူတို့ မိခင်ပါတီကနေ ကန်ထုတ်ရုံမက တခြားဘယ်ပါတီကိုမှလည်း ဝင်လို့မရ၊ ဘယ်ပါ တီမှလည်း ထောင်လို့မရတဲ့ အခြေအနေ ရောက်သွားစေမယ့် ဥပဒေပြင်ဆင်ချက် တစ်သီကြီး လုပ်ကိုင်တဲ့ အဆင့်ထိ ရောက်ခဲ့တာ တွေ့နိုင်ပါတယ်။

အကျိုးဆက်ကတော့ အစိုးရအဖွဲ့နဲ့ တပ်မတော် အင်အားစုတွေ ပူးပေါင်းပြီး သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အဖြစ် ကနေ အတင်းအဓမ္မ ဖယ်ရှားတဲ့ ဖြစ်စဉ် ဖြစ်ပေါ်လာတာပါ။ တဆက် တည်းခေါင်းဆောင်မှူး အသစ်ဖြစ်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီကနေ သူရဦးရွှေမန်းကို လွှတ်တော်အကြီးအကဲ တာဝန်ကနေ ဖယ်ရှားဖို့ကြိုးစားသည်အထိ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစပိုင်းမှာ လက်ညှိုးထောင် ခေါင်းညိတ်လောက် ဖန်တီးပေးထားတဲ့ လွှတ်တော်ဟာ အလယ်ပိုင်းမှာ အသက်ဝင် ပျော်ရွှင်စရာတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ဂိုဏ်းဂဏ တိုက်ပွဲတွေကြောင့် လွမ်းစရာ၊ နာစရာနဲ့ ရပ်နားသွားခဲ့ရပါပြီ။ လွှတ်တော် တာဝန်ရှိသူတွေရော၊ လွှတ်တော်အမတ်တွေကပါ အခုအဖြစ်အပျက်တွေကို အပြန်ပြန်အလှန်လှန် သုံးသပ်၊ သင်ခန်းစာ ယူသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required