“ခင်ဗျားတို့ကို လွမ်းနေတော့မှာပါ. . . နှုတ်ဆက်ပါတယ်” အာစင်ဝင်းဂါး

“ခင်ဗျားတို့ကို လွမ်းနေတော့မှာပါ. . . နှုတ်ဆက်ပါတယ်” အာစင်ဝင်းဂါး

 

မေ ရ၊ လန်ဒန်။         ။ ၂၂ နှစ်ကြာမြင့်ခဲ့တဲ့ အာဆင်နယ်နည်းပြဘဝနှုတ်ဆက်တဲ့ပွဲမှာ အာစင်ဝင်းဂါးဟာ အာဆင်နယ်ပရိသတ်တွေကို နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ဘန်လေကို ၅-၀ ဂိုးနဲ့အနိုင်ရပြီးနောက်မှာ ဝင်းဂါးဟာ အမ်းမရိတ်စ်ကွင်းကြီးထဲကနေ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တာပါ။

ကွင်းထဲက အာဆင်နယ်ပရိသတ်အားလုံးလိုလိုဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာ ဝင်းဂါးရဲ့နှုတ်ဆက်စကားကို မိမိတို့နေရာတွေကနေ စောင့်စားနေခဲ့ကြပြီး "one Arsene Wenger" လို့လည်း ရွတ်ဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဝင်းဂါးဟာ ၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဗိုလ်စွဲခဲ့တုန်းက ဆုဖလားရဲ့ပုံတူ ရွှေရောင်ဖလားကိုကိုင်ပြီး ကွင်းထဲဆင်းလာခဲ့ကာ နှုတ်ဆက်စကားပြောဆိုခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ သူ့ရဲ့စကားကို လက်ရှိအချိန်မှာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးရုံမှာကုသမှုခံယူနေရတဲ့ ပြိုင်ဘက်ဟောင်း ဖာဂူဆန်ကို ချီးကျူးတဲ့အကြောင်းအရာကနေ စတင်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ဘဝတူနည်းပြဟောင်း ဖာဂူဆန်အမြန်ဆုံးသက်သာပျောက်ကင်းလာဖို့ ဆန္ဒပြုပါတယ်”လို့ အစချီပြောဆိုခဲ့တာပါ။ အဲဒီနောက် အာစင်ဝင်းဂါးက

“ကျွန်တော့်ကို ဒီလောက်အချိန်တွေအကြာကြီးရှိနေခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အဲဒါကမလွယ်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ အရေးပါဆုံးကတော့ ကျွန်တော်လည်းခင်ဗျားတို့လိုပဲ အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်တယ်ဆိုတာပါ။

အမြဲတမ်းလည်း အာဆင်နယ်ပရိသတ်တစ်ယောက်အဖြစ် ရှိနေမှာပါ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကလာပ်စည်းတိုင်းမှာ အိမ်မက်တွေ၊ ပူပန်မှုတွေနဲ့ စုစည်းထားပါတယ်။

ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘဝနေနည်းတစ်ခုထက်ပိုတယ်လို့ ဆိုလိုတာပါ။ လှပတဲ့ပွဲတစ်ပွဲအတွက် ဂရုစိုက်တာဖြစ်သလို ကျွန်တော်တို့ရဲ့အသွေးအသားထဲကထွက်ပေါ်လာတဲ့ တစုံတရာကို တန်ဖိုးထား ချစ်မြတ်နိုးတာလည်းဖြစ်ပါတယ်။

အကောင်းဆုံးလုပ်ပေးခဲ့ကြတဲ့ အသင်းမှာရှိတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီကစားသမားတွေနဲ့ ကျန်တဲ့ဝန်ထမ်းတွေကို အားပေးကြဖို့ တိုက်တွန်းပါတယ်။

ကျွန်တော့်အတွက်တော့ ဒီကစားသမားအစုအဖွဲ့ဟာ ကွင်းတွင်းမှာသာမက ကွင်းပြင်မှာပါ အရည်ချင်းကောင်းတွေရှိတဲ့ သူတွေ ဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဒီအသင်းကိုဆက်ပြီးထောက်ခံကြပါ၊ အားပေးကြပါ။ သူတို့နဲ့ထိုက်တန်လို့ဖြစ်ပါတယ်။

ရိုးရှင်းတဲ့ စကားလေးတစ်ခွန်းနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ ခင်ဗျားတို့ကို လွမ်းနေတော့မှာပါ။ ကျွန်တော့်ဘဝရဲ့ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မကြာခင်ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ကောင်းစွာပြီးဆုံးခဲ့ပါပြီ။ နှုတ်ဆက်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required