ရေဘေးအထိအနာဆုံး ပွင့်တောက်ရွာကလေး ကူညီကြပါ

ရေဘေးအထိအနာဆုံး ပွင့်တောက်ရွာကလေး ကူညီကြပါ

၂၆-၈-၂၀၁၅ နေ့က မဇ္ဇျိမ သတင်းဌာနအနေနဲ့ မကွေးတိုင်း ရေဘေးသင့် အထိအနာဆုံး ဒေသဖြစ်တဲ့ စေတုတ္တရာမြို့ကလေးကို ရောက်ပါတယ်။ စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၁၇ ရွာရှိတဲ့ အနက် ရွာ ၃၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။ ဒီအထဲက မကြီးကျေးရွာအုပ်စုထဲက ပွင့်တောက်ကျေးရွာဟာ ရေဘေးသင့် အထိအနာဆုံး ဖြစ်ခဲ့ပါတယ်။ အိမ်ခြေ ၁၂၁ အိမ်ရှိတဲ့အနက် အိမ်အားလုံးရေအောက်ရောက်ခဲ့ရပြီး ရေပြန်ကျသွားတဲ့အခါ တရွာလုံး ထိခိုက်ပျက်စီး သွားခဲ့ပါပြီ။

ပွင့်တောက်ရွာဟာ စေတုတ္တရာကနေ စက်လှေနဲ့ ၂ နာရီကျော် သွားရပြီး ခုအချိန်မှာတော့ တမျှော်တခေါ် ထင်းတော ဒိုက်တောကြီး ပိတ်ဆို့နေလို့ တနေကုန်ခရီးစီးမှ ရွာကိုရောက်ပါတယ်။ ဒိုက်တွေဖယ် လို့မရရင် ရေထဲမှာပဲ ညအိပ်ရပါတယ်။ အခုတော့ ပွင့်တောက်တစ်ရွာလုံး ရွာရဲ့ အထက်မှာရှိတဲ့ အတန်ငယ်မြင့်တဲ့ တောင်ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါပြီ။

ပွင့်တောက်ရွာဟာ သွားလာရေးခက်ခဲတဲ့ကြားက ရေဘေးကလည်း အထိနာဆုံးဖြစ်တဲ့အပြင် စေတုတ္တရာ ရေဘေးအကူအညီတွေ စတင်ရနေခဲ့စဉ်ကလည်း ကူညီကယ်ဆယ်ရေး အကူအညီတွေ တစ်ပတ်နောက်ကျပြီးမှ စတင် ရရှိနိုင်ခဲ့ပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးရရှိတဲ့ အကူအညီတွေ ကတော့ ကားတစ်စီးစာ ရေသန့်ဘူးများပဲ ဖြစ်ပါတယ်။

ပွင့်တောက်ရွာဟာ တယ်လီဖုန်း လက်လှမ်းလည်း မမီပါဘူး။ အခုတော့ ဒေသအခေါ်ထိုင်ဖုန်း (တိုင်ထူတယ်လီဖုန်း) တစ်လုံးရှိနေပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းများလည်း အထိုက်အလျောက် ရရှိလာနေ ပြီဖြစ်ပါတယ်။ အခြေအနေအရ ရွက်ဖျဉ်တဲများ၊ ဆန်အိတ်များနဲ့ တခြားအစာခြောက်များ လည်း ရရှိလာနေပြီ ဖြစ်ပါတယ်။ ရွာသားတွေအားလုံး နေ့စဉ် မရပ်မနား ရွာရဲ့ရေဘေးအခက်အခဲ တွေ၊ အကူအညီ ပစ္စည်းများ ရွာကို အဆင့်ဆင့် စခန်းထောက်များထား၊ တာဝန်များခွဲဝေ လုပ်ကိုင်နေ ကြရလို့လည်း တရွာလုံး နာရီလို မရပ်မနား လှုပ်ရှားရုန်းကန် နေကြရတာလည်း တွေ့ခဲ့ရပါတယ်။

ဒီကြားထဲက ကျေးရွာမူလတန်းကျောင်းကလေးကို ဖြစ်သလို တဲထိုးပြီး ကျောင်းသားတွေ ပညာရေး မလစ်ဟင်းအောင် ဆောင်ရွက်ကြပါတယ်။ သူတို့အခု ထွက်ပြေးခိုလှုံနေရာ တောင်ကုန်းမြင့် ရဲ့အောက် မှာတော့ ပျက်စီးသွားပြီဖြစ်တဲ့ သူတို့ရဲ့ ပွင့်တောက်ရွာဟောင်းကို ငုံ့ကြည့်လို့ မြင်နေရတာ ကိုက ကြေကွဲဖို့ ကောင်းလှပါတယ်။

ခုတော့ ရိက္ခာအခက်အခဲက ဆယ်ရက်တန်သည် ရက်နှစ်ဆယ်တန်သည် လုံလောက်လာပြီ ဖြစ်ပေမယ့်ကူညီကယ်ဆယ်ရေး တဖြည်းဖြည်း ပါးသွားတဲ့အခါ မကြာမီ ရင်ဆိုင်ကြရတော့မယ့် စားဝတ်နေရေး စိန်ခေါ်မှုကြီးက ပွင့်တောက်ရွာကလေးကို ရှေ့ကကြိုပြီး စောင့်နေပြီ ဖြစ်ပါတယ်။

မကြာခင် ရွာနေရာအသစ် ရှာဖွေတည်ထောင်ရေး၊ အိုးအိမ်များ ပြန်လည်တည်ထောင်ရေးနဲ့ လယ်ယာနဲ့ကိုင်း လုပ်ငန်းခွင်များကိစ္စ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒီလို စဉ်းစားလိုက်တော့ တရွာလုံး လည်းပျက်စီး၊ ရှိသမျှ လယ်ကလေး ကိုင်းကလေးကလည်း နွံတွေ ဖုံးသွားခဲ့ပြီဖြစ်လို့ ပွင့်တောက်ရွာကလေးရဲ့ နောင်ရေးဟာ မတွေးဝံ့လောက်အောင် ခက်ခဲတော့မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ တခြားရေဘေးသင့်ဒေသများကို ကူညီမှု ပြုနေကြသလို အဆက်အသွယ် အခက်အခဲရှိပြီး ချောင်ကလေးတစ်နေရာမှာ အနာဂတ်မဲ့မလို ဖြစ်နေတဲ့ ပွင့်တောက် ရွာကလေးကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အကူအညီများ အထူးအလေးအနက် ထား ကူညီကြပါရန် လေးနက်စွာ တိုက်တွန်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required