အိန္ဒိယမှာ ၁၆ နှစ်အရွယ် မိန်းကလေး မုဒိန်းကျင့် မီးရှို့အသတ်ခံရ

အိန္ဒိယမှာ ၁၆ နှစ်အရွယ် မိန်းကလေး မုဒိန်းကျင့် မီးရှို့အသတ်ခံရ

မေ ရ ။             ။ အိန္ဒိယအရှေ့ပိုင်းမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သူမ၏ နေအိမ်မှာပင် အရှင်လတ်လတ် မီးရှို့ခံရသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားပြီးနောက် သံသယရှိ အမျိုးသား ၁၄ ဦးအား မေလ ၅ ရက်တွင် ရဲက ဖမ်းဆီးထားကြောင်း သိရသည်။

ယင်း ကိစ္စသည် နိုင်ငံတွင် ယခုနောက်ဆုံး ပေါ်ပေါက်လာခဲ့သည့် ရက်စက်ယုတ်မာသော လိင်စော်ကားအကြမ်းဖက်မှုတစ်ခု ဖြစ်သည်။

အဆိုပါ ၁၆ နှစ်အရွယ် အိန္ဒိယမိန်းကလေးငယ်မှာ ပြီးခဲ့သည့် မေလ ၃ ရက်က သူမ၏ မိဘများ မင်္ဂလာဆောင်သွားနေခိုက် ဂျာခန်ပြည်နယ်ရှိ နေအိမ်တွင် တစ်ဦးတည်း ရှိစဉ် ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရပြီး  တောထဲတွင် မုဒိန်းကျင့်ခံခဲ့ရသည်ဟု သိရသည်။

သမီးဖြစ်သူ မုဒိန်းကျင့်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မိဘများက ကျေးရွာကောင်စီသို့ တိုင်ကြားရာတွင် ကောင်စီဝင် လူကြီးများက မုဒိန်းကျင့်သမားများဟု စွပ်စွဲခံထားရသူနှစ်ဦးအား ထိုင်ထ အခါ ၁၀၀ နှင့် ဒဏ်ကြေး ရူပီး ၅၀,၀၀၀ ပေးဆောင်ခိုင်းခဲ့သည်ဟု သိရသည်။ အိန္ဒိယ ကျေးလက်ဒေသတစ်ချို့၌ သြဇာကြီး ရွာကောင်စီလူကြီးအဖွဲ့မှာ တရားဥပဒေကြောင်းအရ မဖြေရှင်းပဲ အငြင်းပွားမှုကိစ္စများကို စေ့စပ်ကျေအေးစေခြင်းဖြင့်သာ ဖြေရှင်းပေးနေလျက်ရှိကြောင်းလည်း သိရသည်။

ယခုကိစ္စတွင် အပြစ်ပေးခံရမှုအပေါ် တရားခံများက မကျေမနပ်ဖြစ်ကာ မုဒိန်းကျင့်ခံရသည့် မိန်းကလေးငယ်၏ မိဘများဆီ သွားရောက်၍ ရိုက်နှက်ကာ မိန်းကလေးငယ်ကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ပစ်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

" ရွာကောင်စီ လူကြီးတွေက အပြစ်ပေးတာကို မကျေနပ်တဲ့ ဒီတရားခံနှစ်ယောက်က မိန်းကလေးရဲ့ မိဘတွေကို သွားရိုက်ခဲ့ကြပါတယ်၊ ပြီးတော့ သူတို့နဲ့အတူ ပါလာတဲ့ အပေါင်းအဖော်တွေနဲ့အတူ မိန်းကလေးကိုလည်း မီးရှို့သတ်ပစ်ခဲ့ကြပါတယ်" ဆိုပြီး ဒေသ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အေရှော့ခ် ရမ်က ပြောသည်။

ယခုအခါ ယင်းဖြစ်စဉ်နှင့်စပ်လျင်း၍ အမျိုးသား ၁၄ ဦးအား ဖမ်းဆီးထားလိုက်ပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့သော် မုဒိန်းကျင့်သူ အဓိက တရားခံဖြစ်သူကိုတော့ ဖမ်းမမိသေးဟု သိရသည်။

ယခု ဖြစ်စဉ်ကို ကြားသိရချင်းချင်း အလွန် ထိတ်လန့်တုန်လှုပ်မိကြောင်း ဂျာခန်ပြည်နယ် ၀န်ကြီးချုပ် ရက်ဟူဘာ ဒက်စ်က ပြောသည်။ ဆက်လက်၍ ယခုအမှုတွင် ပါ၀င်ပတ်သက်ကျူးလွန်သူအားလုံးကို တိကျစွာ ဖော်ထုတ်အရေးယူသွားရန်လည်း ၎င်းက ညွှန်ကြားထားသည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required