မြန်မာနိုင်ငံလုပ်သားများ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုပ်သားများ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲပြုလုပ်

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့မှ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မန္တလေးမြို့၊ စက်မှုဇုန်(၁)၊ ၅၉လမ်းနှင့်၆၀လမ်းကြား၊ ဖိုးရာဇာလမ်းမှာရှိသည့် ကနောင်ခန်းမတွင် မေလ ၅ ရက်၊နံနက် ၁၀ နာရီကပြုလုပ်သည်။

အထက်မြန်မာပြည်ရှိ စစ်ဆေးအကဲဖြတ်ရေးဌာနများမှ အလုပ်အကိုင် ၁၁ မျိုးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား ၁၄၈၈ဦးနှင့်စစ်ဆေးအကဲဖြတ်ရေး ဌာန ၈ ခုမှ စစ်ဆေးရေးမှူး ၁၅ ဦးတို့ကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က အသိအမှတ်ပြုလက်မှတ် တက်ရောက်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက"အထက်မြန်မာပြည်အနေနဲ့ဒီမန္တလေးတိုင်း၊မန္တလေးမြို့ကို အခြေပြုပြီး တော့မှကျွမ်းကျင်မှုလုပ်သားများကို ဒီထက်ပိုမိုပြီးတော့မှ နှစ်စဉ် ပိုမိုမွေးထုတ်ပေးနိုင်အောင် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း ကြိုးစားလုပ်ဆောင်ပါမယ်။တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့များကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့အလေးထားပြောကြားလိုပါတယ်။"ဟု ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က" အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှု ထူထောင်ရာမှာ ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်နိုင်ဖို့ အာဆီယံဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လုပ်သားထု တစ်ရပ် မွေးထုတ်ပေးနိုင်ဖို့လိုအပ်တယ်။"ဟုပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် အဖွဲ့အစည်းအသီးသီးဖြင့်ပူးပေါင်း၍ မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး၊နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားများရရှိရေးမူဝါဒများ ချမှတ် အကောင် အထည်ဖော်လျှက်ရှိပြီး လာမည့် ၂၀၁၈/၂၀၁၉ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်လုပ်သား ၃၀၀၀ကျော် မွေးထုတ်ပေး သွားမည်ဟု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊မှညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required