မဟာမိတ်အဖွဲ့များ ဖြစ်သော SSPP နဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွား

မဟာမိတ်အဖွဲ့များ ဖြစ်သော SSPP နဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွား

 

ရန်ကုန် ၊ မေ ၅ ။             ။ ရှမ်းပြည်နယ် နမ္မတူမြို့နယ် မန်ဆာကျေးရွာအနီး၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သတင်းများ ကြားသိ ရသော်လည်း ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA  နှင့် ဖြစ်ပွားခဲ့ခြင်း ဟုတ်မဟုတ် အတည်ပြုနေဆဲဟု TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့ အဲ့ကိစ္စကို လိုက်မေးနေပါတယ်။ ဒေသခံတွေပြောတာတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ နယ်မြေ ရောနေတာတွေ ရှိတယ်။ RCSS လည်းရှိတယ်။ SSPP လည်းရှိတယ်။ဘယ်ဟာမှန်းတော့ အသေးစိတ် မသိသေးဘူး" ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မန်ဆာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲများကြောင့် မိုင်းရင်ကျေးရွာ ဘက်သို့ ဒေသခံ ၁၀၀ ကျော် ရှောင်တိမ်းခဲ့ရသည်။

စစ်ဘေးရှောင်များအား လက်ခံခဲ့သည့် မိုင်းရင်ကျေးရွာမှ ဒေသခံတစ်ဦးက "SSPP နဲ့ ဖြစ်တာပါ။ ရွာထဲမှာ ရှိတယ်လေ။ TNLA ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ" ဟု ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA  တို့သည် ၀ အဖွဲ့ (UWSA) ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် FPNCC ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည်။

ယင်း FPNCC  ကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်ခံခြင်းမရှိဘဲ၊ နိုင်ငံရေးဆွေးနွေးမှုကို တောင်းဆိုထားသည့်ကော်မတီဖြစ်သည်။

FPNCC ကော်မတီအဖွဲ့ဝင်အချင်းချင်း ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ပလောင်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA  တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ရံဖန်ရံခါ ထိတွေ့ပစ်ခတ်များအနေဖြင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required