မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စနစ်များ အိန္ဒိယ ဖော်ဆောင်

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စနစ်များ အိန္ဒိယ ဖော်ဆောင်

 

မြန်မာနိုင်ငံတွင် ရေကြီးမှု စောလျင်စွာ သတိပေးရေး စနစ်နှင့် မြေငလျင် စောင့်ကြည့်စစ်ဆေးမှု စနစ်တို့ တပ်ဆင်ဖော်ဆောင်ခြင်းဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး ပရောဂျက်နှစ်ခုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဗီခရမ် မစ်စရီက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ပရောဂျက်နှစ်ခုကို အိန္ဒိယအစိုးရက ပံ့ပိုးပေးထားသည်။

ယင်းကြေညာချက်ကို မေလ ၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန (DMH) တွင် တပ်ဆင်ထားရှိသည့် အဆိုပါ စနစ်နှစ်ခုစလုံးကို ဖွင့်လှစ်ပေးသည့် အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုး တက်ရောက်ခဲ့သည်။ အဆိုပါ ဘေးအန္တရာယ် လျော့ပါးရေး စနစ်များကို အိန္ဒိယအစိုးရ ဘဏ္ဍာရေးနှင့်နည်းပညာ ပ့ံပိုးမှုအကူအညီအောက်တွင် ဆောင်ရွက်ခြင်း ဖြစ်ကာ ယင်းတို့ကို အာဖရိကနှင့် အာရှဒေသဆိုင်ရာ အမျိုးမျိုးသော ဘေးအန္တရာယ် စောလျင်စွာ သတိပေးမှု စနစ် (RIMES) ကနေတဆင့် ဖော်ဆောင်ခြင်း ဖြစ်သည်။ ယင်းစနစ်များကို ကနဦး စမ်းသပ် စစ်ဆေးအတည်ပြုထားပြီး ဖြစ်ကာ ယခုအခါ မြန်မာနိုင်ငံရှိ ရှိရင်းစွဲ စနစ်များနှင့် အပြည့်အဝ ပေါင်းစည်းတပ်ဆင်ထားနိုင်ပြီး ဖြစ်သည်။

ရေကြီးမှု သတိပေးရေး စနစ်အောက်တွင် ရေလယ်ဗယ် အလိုအလျောက် စောင့်ကြည့်မှု စခန်း ၁၂ ခု နှင့် ရာသီဥတု အလိုအလျောက် စောင့်ကြည့်မှု စခန်း သုံးခုတို့ကို ထူထောင်ထားရှိသည်။ မြေငလျင် စောင့်ကြည့်မှု စနစ်အောက်တွင် ငလျင်တိုင်းတာမှု စခန်း ဆယ်ခု ကို DMH ၏ စခန်းရှစ်ခု ကွန်ရက်တွင် ထပ်မံပေါင်းစည်းလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော သဘာဝဘေး ဖြစ်သည့် နာဂစ် မုန်တိုင်း ကြံုတွေ့မှု ဆယ်နှစ်ပြည့် အထိမ်းအမှတ် မကြာသေးမီက ကျရောက်ပြုလုပ်ထားခဲ့သည် ဖြစ်ရာ ယခုအချိန်သည် အဆိုပါ ပရောဂျက်များကို စတင်ဖွင့်လှစ်ပေးရမည့် အချိန်အခါကောင်းတစ်ခုဖြစ်ပါကြောင်း သံအမတ်ကြီး ဗီခရမ်က အခမ်းအနားတွင် ပြောသွားသည်။

" နာဂစ် လိုမျိုး ဆိုးရွားပြင်းထန်တဲ့ ဘေးဒုက္ခဆိုးတွေက နိုင်ငံဖွံ့ဖြိုးမှုအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒီဘေးရဲ့ ဆိုးကျိုးတွေကို လူ့အသိုက်အဝန်းအတွင်းက ဆင်းရဲနွမ်းပါးသူတွေ၊ ခုခံနိုင်စွမ်း အားနည်းသူတွေ အများစု ပိုခံစားကြရပါတယ်။ ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေကိုတော့  တားဆီးလို့ မရနိုင်ဘူး ဆိုပေမယ့် မဖြစ်ခင် ကြိုတင်သတင်းအချက်အလက် ရခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်မယ့်အပြင် ထိခိုက်နိုင်မှုတွေကိုလည်း လျော့ပါးအောင်လုပ်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်တော့ ဒီဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေကိုတော့ အတော်လေး လျော့ကျအောင် လုပ်လို့ရနိုင်ပါတယ်။ သဘာဝဘေးတွေကတော့ ကြိုတင် သတိမပေး အကြောင်းမကြားဘဲ ၀င်တိုက်ခတ်တတ်တယ်ဆိုတာကတော့ အမြဲတမ်း မမှန်ပါဘူး။ ဒီ သဘာဝဘေးတွေကနေ ဘယ်လိုမျိုး ကာကွယ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ လုံလောက်တဲ့ သတိပေးမှုတွေ ရရှိနေနိုင်အောင် ကျွန်တော်တို့ လုပ်နိုင်သမျှတိုင်းကို လုပ်ထားသင့်ပါတယ်။ ဒါကြောင့် ခုလိုမျိုး မြန်မာနိုင်ငံမှာ ရေကြီးမှု စောလျင်စွာ သတိပေးမှုစနစ်နဲ့ မြေငလျင် စောင့်ကြည့်သတိပေးမှု စနစ် တို့အတွက်  ဒီ အိန္ဒိယအစိုးရက ပံ့ပိုးတဲ့ ပရောဂျက်သစ်တွေကို ဖွင့်လှစ်ဖို့ ယနေ့ ကျွန်တော်တို့ ဒီမှာ ရောက်ရှိနေတာဖြစ်ပါတယ်" ဆိုပြီး အိန္ဒိယ သံအမတ်ကြီးက ပြောသည်။

နာဂစ်မုန်တိုင်း ကဲ့သို့သော ပြင်းထန်ဆိုးရွားသည့် ရာသီဥတု ဘေးဒုက္ခဆိုးတွေကို ပိုမို ကောင်းမွန်စွာ ခန့်မှန်း စောင့်ကြည့်လေ့လာမှုပိုင်းတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်သွားရန် လိုအပ်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကလည်း ထိုကဲ့သို့ သဘာဝဘေးများကနေ ထိခိုက်ပျက်စီးလာနိုင်မှုကို လျော့ပါးသက်သာစေနိုင်မယ့်အပြင် ပိုမိုကောင်းမွန်သည့် ကြိုတင်ပြင်ဆင်မှုတွေပါလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ၎င်းက ပြောသည်။

" ထိရောက်တဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ ရှိတဲ့၊  နားလည်မှု ကောင်းတဲ့၊ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်မှာ သွားပြီး ကောင်းစွာ ပေါင်းစည်းနိုင်တဲ့ စောလျင်စွာ သတိပေး သတင်းအချက်အလက်တွေဟာဆိုရင်တော့ ဘေးအန္တရာယ်တွေမှာ စီမံခန့်ခွဲမှုပိုင်းကို အကူအညီဖြစ်စေရုံသာမက သင့်လျော်ကောင်းမွန်တဲ့ ရာသီဥတုအခြေအနေတွေကနေ ရရှိမယ့်အကျိုးကျေးဇူးတွေကိုပါ သင့်မြတ်ကောင်းမွန်အောင် ဆောင်ရွက်မှုပိုင်းမှာပါ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ဒီ ဘေးအန္တရာယ်တွေကနေ ဖြစ်လာနိုင်တဲ့ အလားအလာတွေအပေါ် ကာကွယ်မှုရဲ့ အရေးပါပုံကို အလေးထားသတိပြုပြီး မြန်မာနိုင်ငံရဲ့ DMH ဌာနကတော့ ၂၀၁၁ ခုနှစ်မှာ အဆိုပြုချက်တစ်ခုကို ပြင်ဆင်ထားခဲ့ပါတယ်။ အမျိုးမျိုးသော ဘဘာဝဘေး များ စောလျင်စွာ သတိပေးမှု စနစ် ပူးပေါင်းမှု မူဘောင်အောက်မှာ အိန္ဒိယအစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ ရေကြီးမှုနဲ့ မြေငလျင် သတိပေးမှု စနစ်တွေ ဖော်ဆောင်ဖို့ ဒီအဆိုပြုချက်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ အရောက်မှာတော့ နယူးဒေလီမြို့က ၁၂ ကြိမ်မြောက် RIMES ကောင်စီ အစည်းအဝေးမှာ ဒီ အဆိုပြုချက်ကို အိန္ဒိယအစိုးရဘက်က လက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၄ အရောက်မှာတော့ ဒီ အဆိုပြုထားတဲ့ ပရောဂျက်အတွက် ဘဏ္ဍာငွေ ထောက်ပံ့မှုကို အိန္ဒိယအစိုးရ ကမ္ဘာ့သိပ္ပံ ၀န်ကြီးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကို မြန်မာနိုင်ငံရဲ့ ငလျင်စောင့်ကြည့်မှု စွမ်းရည်ကိုမြှင့်တင်ပေးနိုင်မယ့် နောက်ထပ် RIMES ပရောဂျက်တစ်ခုနဲ့အတူ ခွင့်ပြုပေးခဲ့တာပါ" ဆိုပြီး ၎င်းက ပြောသွားသည်။

ယခု ပရောဂျက်တွေမှာ ပါ၀င်မှု သဘောသဘာဝပိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင်များက အစအဆုံး ပါ၀င်ခဲ့ကြသည်ဟုလည်း သံအမတ်ကြီး ဗီခရမ်က ပြောသည်။ အလားတူ ယင်းစနစ်များ ထားရှိသည့် နိုင်ငံအတွက် မလိုအပ်ဘဲ ဘဏ္ဍာရေး ၀န်ထုပ်ဝန်ပိုးဖြစ်စေမှုကနေ ရှောင်ရှားနိုင်မည့် သက်ဆိုင်ရာ သိပ္ပံဆိုင်ရာနှင့် နည်းပညာ ကိရိယာများအသုံးပြုမှုအပိုင်းနှင့်  အိန္ဒိယ၊ ဥရောပ နှင့် အခြားနေရာဒေသများရှိ အဓိက အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများကနေတဆင့် ယင်းစနစ်များအတွက် ရရှိနိုင်မယ့် အရန်အစီအစဉ်များအကြောင်း သံအမတ်ကြီးက ပြောကြားသွားသေးသည်။

ယခု ပရောဂျက်များသည် နိုင်ငံတွင်းမှ အဖွဲ့အစည်းဆိုင်ရာ ရင်းမြစ်များ ထုတ်ယူအသုံးပြုနိုင်မည့်၊ ဖွံ့ဖြိုးရေး ပါ့တနာ အတွက် အလှည့်အပြောင်း မော်ဒယ်တစ်ခု ထောက်ပံ့နိုင်မည့် ရေရှည်ကျသော ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဥပမာကောင်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောသွားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly