ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို ထိန်းသိမ်းရန် တပ်အင်အား ၁၀၀၀ မှ ၂၀၀၀ ကြားအသုံးပြုခဲ့ဟု တပ်ချုပ်ပြော

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို ထိန်းသိမ်းရန် တပ်အင်အား ၁၀၀၀ မှ ၂၀၀၀ ကြားအသုံးပြုခဲ့ဟု တပ်ချုပ်ပြော

ရန်ကုန်၊ မေ ၅။          ။ ရခိုင်ပြည်နယ်တွင်ရှိ အကြမ်းဖက်မှုများကိုဖြေရှင်းရာတွင် တပ်မတော်အနေဖြင့် လုံခြံုရေးအင်အား ၁၀၀၀ မှ ၂၀၀၀ ကြားကိုသာ သုံးစွဲခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ် Ms. Karen Pierce က အကြမ်းဖက်တိုက်ခိုက်မှုများအား ပြန်လည် တိုက်ခိုက်ရာတွင် အင်အားမည်မျှ သုံးစွဲခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းချက်နှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်သူများသည် အနည်းဆုံး အင်အားလူဦးရေ ၆၀၀၀ခန့်ရှိသောကြောင့် တပ်မတော်မှ အသုံးပြုသောတပ်အင်အားသည် အကြမ်းဖက်တိုက်ခိုက်သူများ၏ အင်အားထက် များစွာနည်းပါးနေကြောင်း တပ်ချုပ်က ပြောသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို ပြန်လည်ထိန်းသိမ်းရာတွင် တပ်အင်အား ၁၀၀၀ ကျော်ကိုသာ အသုံးပြုခဲ့ပြီး အများဆုံး ၂၀၀၀ မကျော်ခဲ့ကြောင်း လည်း တပ်ချုပ်ကဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပြည်သူလူထုအပေါ်တွင် ပြစ်မှုကျူးလွန်မှုများရှိပါက အဆိုပါပြစ်မှုများအပေါ်တွင် ပြန်လည်အရေးယူခံရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင်ရေးထိုးသွားမည်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

မိမိကိုယ်တိုင်မှာ တပ်မတော်၏ အကြီးအကဲတစ်ဦးဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် နိုင်ငံ၏ ခေါင်းဆောင် သမ္မတ ရှိသောကြောင့် မိမိတို့တပ်မတော်အနေဖြင့် သမ္မတ၏ ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တပ်ချုပ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များကို ပြောဆိုခဲ့သည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် ဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ဆောင်ရွက်နေခြင်းသာ ရှိပြီး ဥပဒေကို ကျော်လွန်၍ မည်သည့် အရာကိုမျှ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိဟုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required