ခွင့်ပြုချက်မယူဘဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူခံသည့်အဖွဲ့အား အရေးယူမည်

ခွင့်ပြုချက်မယူဘဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူခံသည့်အဖွဲ့အား အရေးယူမည်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်   မေ   ၄ ။            ။ ကချင်ပြည်နယ်က စစ်ဘေးသင့်ပြည်သူများအတွက် ခွင့် ပြုချက်မယူဘဲ အလှူ ငွေကောက်ခံသည့်လှုပ်ရှားမှုပြုလုပ်ခဲ့သူများကို အထက်ကိုတင်ပြပြီး အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်လွင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို လူ့ဘောင်သစ်လူငယ်နှင့် ဗကသ များအဖွဲ့ချုပ်မှ ကျောင်းသားများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းဆုံမှ လှုပ်ရှားမှုစတင်ခဲ့ ကြခြင်းဖြစ်သည်။ လှည့်လည်အလှူခံရန် စတင်ထွက်ခွာသည့်အချိန်မှာပင် ရဲတပ်ဖွဲ့က တားမြစ်ခဲ့သော်လည်း မြေ နီကုန်းမီးပွိုင့်အထိ လှည့်လည်အလှူခံခဲ့ကြသည်။

စီတန်းလှည့်လည်ခွင့်မပြုထားသည့် နေရာများတွင် ခွင့်ပြုမိန့်မယူခဲ့သည့်အတွက် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု စမ်းချောင်းမြို့နယ် ၊ ရဲတပ်ဖွဲ့မှ ရဲမှူးအောင်လွင်က ပြောသည်။

" အလှူခံတာကတော့ ကန့်သတ်ထားတာမရှိပါဘူး၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကိုတော့ ဒီ ၁၁ မြို့နယ် ကန့်သတ်ထားတာပါ၊ အလှူခံတာကိုတော့ မြို့ နယ်အနေနဲ့ ကန့်ကွက်ထားခြင်း မရှိပါဘူး၊ ကျွန်တော်တို့က တော့ ဥပဒေအရ သူတို့ကို ငြိမ်းချမ်းစွာစုဝေးပြီး စီတန်း လှည့်လည်မယ်ဆိုရင်တော့ မြို့နယ်ရဲတပ်ဖွဲ့ကို သူတို့ အသိပေးတင်ပြရမှာပေါ့၊ ဒီလိုမတင်ဘဲလုပ်တာတော့ ကျွန်တော်တို့က အထက်ကိုတင်ပြပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ရှိပါတယ်" ဟု ရဲမှူးအောင်လွင်က ပြောသည်။

ကချင်ပြည်နယ်မှ စစ်ဘေးသင့် ပြည်သူများတွက် အလှူ ငွေကောက်ခံတဲ့အဖွဲ့သည် ဗီနိုင်းပိုစတာများကိုင်ပြီး လမ်းတလျှောက် လှည့်လည်အလှူခံခဲ့ကြသည်။ လှည့်လည် အလှူခံခြင်းဖြစ်သည့်အတွက် ခွင့်ပြုချက်ယူခဲ့ခြင်း ဖြစ်သည် ဟု ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီမှ ကိုဇေယျ က ပြောသည်။

" ကျွန်တော်တို့အလှူခံရတဲ့ရည်ရွယ်ချက်ကတော့ လက် ရှိအချိန်အထိ ကချင်တိုင်းရင်းသား ငါးထောင်ကျော် တောထဲမှာ ပိတ်မိနေတယ်၊ သူတို့အစာရေစာလည်း မရ ဘူး၊ အဲဒီပိတ်မိနေတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ လည်း ပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါတယ်၊ ကလေးတွေလည်း ပါတယ်၊ အဲဒီအတွက် သူတို့တွေ အတွက် ဒုတိယအကြိမ် အလှူခံရခြင်းဖြစ်ပါတယ်၊ ဒီနေ့ စထွက်ထွက်ချင်းမှာပဲ ကျွန်းလမ်းထိပ်မှာပဲ ရဲက ပထမ တားတယ်ပေါ့နော်၊ ခွင့်ပြုချက်ယူရမယ်ပေါ့၊ ကျွန်တော် တို့က ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကူညီဖို့ ခွင့် ပြုချက်ယူစရာ မလိုဘူး၊ ကျွန်တော်တို့ လွတ်လွတ်လပ် လပ် ကူညီလို့ရတယ်၊ ဒီလိုတားဆီးနေတာဟာ ကျွန် တော်တို့ ညီအစ်ကိုတွေကို ကူညီတာကို မကူညီစေချင်လို့ လို့ ကျွန်တော်တို့သတ်မှတ်တယ်၊ ကူညီတာကို လိုက် ပိတ် ပင်နေတာဟာ မကူညီစေချင်လို့ပဲ" ဟု ကိုဇေယျက ပြောသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့ပေါ်တွင် ဒုတိယအကြိမ် လှည့်လည် အလှူခံတာဖြစ်ပြီး ရရှိသည့် အလှူငွေများကို စစ် ဘေးသင့် ပြည်သူတွေဆီ သွားရောက်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၁ခုနှစ် ဇွန်လက စပြီး KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်လာခဲ့သည်မှာ (၈) နှစ်နီးပါးကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ဧပြီလ ဒုတိယပတ် သင်္ကြန်ကာလအတွင်းက တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ပွဲတွင်း ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly