ဘဏ္ဍာငွေ အလွဲသုံးမှုများကို ကြပ်မတ်ရန် သမ္မတ လမ်းညွှန်

ဘဏ္ဍာငွေ အလွဲသုံးမှုများကို ကြပ်မတ်ရန် သမ္မတ လမ်းညွှန်
(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)

နေပြည်တော်(မေလ ၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးကြပ်မတ်ပေးရန်နှင့် အလွဲသုံးစားမှုများနှင့် လေလွှင့်ဆုံးရှုံးမှုများ စစ်ဆေးတွေ့ရှိပါက ကျောသား၊ ရင်သား မခွဲခြားဘဲ အစီရင်ခံတင်ပြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်လိုက်သည်။

“အစိုးရဌာနဆိုင်ရာများတွင် စာရင်းစစ်အဖွဲ့ တွဲဖက်ထားရှိပြီး မှန်မှန်ကန်ကန် စစ်ဆေးပေးစေလိုပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးမှုများကို စိစစ်တွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ အစီရင်ခံတင်ပြ စေလိုပါကြောင်း” သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား ယနေ့ မေလ ၄ရက်၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် သမ္မတဦးဝင်းမြင့်က လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် သမ္မတက “ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ချထားပေးသော ခွင့်ပြုဘဏ္ဍာငွေများ အပြည့်အဝ ချထားပေးခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အပြည့်အဝ ရ၊ မရ၊ ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိ၊ ချမှတ်ပေးသော ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း” မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေများကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခြင်း မရှိစေရန်နှင့် နိုင်ငံပိုင်၊ ပြည်သူပိုင်၊ သမဝါယမပိုင် ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းမှု ရှိ၊ မရှိ၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရ သိမ်းဆည်းခံပစ္စည်း၊ စွန့်လွှတ် ပစ္စည်းများကို နိုင်ငံတော်ပိုင် စာရင်းသွင်းထားခြင်း ရှိ၊မရှိတို့ကို ကြပ်မတ်ဆောင်ရွက်ရန်လည်း သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly