ကမ္ဘာ့ဖလားအထိမ်းအမှတ်ဒီဇိုင်းဖြင့် VISA Credit Card ကို ထုတ်လုပ်မည်

ကမ္ဘာ့ဖလားအထိမ်းအမှတ်ဒီဇိုင်းဖြင့် VISA Credit Card ကို ထုတ်လုပ်မည်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ မေ ၄ ။           ။ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိမ်းအမှတ်ဒီဇိုင်း VISA Credit Card ကို မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) က အကန့်အသတ်မရှိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ VISA Credit Card ကို ရန်ကုန်မြို့ Pan Pacific Hotel ၌ မေလ ၄ ရက်က စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

"ဒီကတ်ဒီဇိုင်းကတော့ ကမ္ဘာ့ဖလားရာသီတစ်ခုတည်းမှာသာ ထုတ်ပေးမယ့် ဒီဇိုင်းဖြစ်ပါတယ်။ ဒီကတ်ကို လိုချင်တဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူအားလုံးကို ကမ္ဘာ့ဖလားရာသီမကုန်ခင် အောက်တိုဘာမတိုင်ခင်အတွင်း မြန်မြန်လျှောက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်။"ဟု MAB ၏ Head of Card and Corporate ဖြစ်သူ Mr. Gary Voon က မဇ္စျိမကိုပြောသည်။

၂၀၁၈ ကမ္ဘာ့ဖလားအတွက် ဒီဇိုင်းပြုလုပ်ထားသည့်  ဒေါင်လိုက်ပုံသဏ္ဍာန် VISA Credit Card များကို ပြည်တွင်းရှိဘဏ်အချို့တွင် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်း ဖြစ်ပြီး VISA ကတ်အများစုသည် အလျားလိုက်ပုံစံ ဖြစ်သည်။

အဆိုပါ ကတ်အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများရနိုင်သည်ဟု ဆိုထားပြီး MAB ၏ VISA Credit Card အသုံးပြုသူများအနေဖြင့် ၄၅ ရက်ကြာ အတိုးနူန်းမဲ့ အသုံးပြုချိန်ရရှိနိုင်ပြီး သတ်မှတ် ခရက်ဒစ်ပမာဏ၏ ၁၀ % အထိ ကျော်လွန်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

"ကျွန်မတို့အခုထုတ်တဲ့ကတ်က First Vertical VISA Card Design In Myanmar မြန်မာနိုင်ငံမှာ VISA က ထုတ်တဲ့ ပထမဦးဆုံးသော ဒေါင်လိုက်ဒီဇိုင်းဖြစ်ပါတယ်။ ရည်ရွယ်ကချက်ကတော့ သုံးစွဲတဲ့သူတွေကို ထူးခြားသစ်လွင်တဲ့ဒီဇီုင်းနဲ့ သုံးစွဲစေချင်တဲ့အတွက်ကြောင့် ဒီဒီဇိုင်းကိုရွေးချယ်ဖြစ်တာပါ။ ကတ်အမျိုးအစား အနေနဲ့ နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Classic Credit Card နဲ့ Platinum Credit Card ဆိုပြီး ထုတ်ထားပါ တယ်"ဟု MAB မှ ဒေါ်ကြည်မွန်သန့် က VISA Credit Card အကြောင်း ပြောသည်။

၄င်းကတ်ကို ကိုင်ဆောင်သူများအတွက် အထူးဝန်ဆောင်မှုများ၊ သတ်မှတ်ထားသည့် Hotel နှင့် စားသောက် ဆိုင်များတွင် အထူးခံစားခွင့်များ၊ VISA Platinum ၏ Concierge ဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။ လစဉ်ပုံမှန်ဝင်ငွေ ၂ သိန်းခွဲနှင့်အထက်ရှိသူများအနေဖြင့် Classic ကတ် ကိုင်ဆောင်နိုင်ပြီး လစဉ်ဝင်ငွေ ၁၅ သိန်းရှိသူများအနေဖြင့် Platinum ကတ် ကိုင်ဆောင်နိုင်မည်ဖြစ်သည်။

ထို့အပြင် Platinum ကတ်ကိုင်ဆောင်သူများအတွက် Augmented Reality (AR) ဟု ခေါ်သည့် နည်းပညာ ဖြင့် Merchant များ၏ အထူးအခွင့်အရေးများ၊ စားသောက်ဆိုင်နှင့် ရှောပင်းစင်တာများ၏ အထူးအစီစဉ်များကို မိုဘိုင်းဖုန်းမှတစ်ဆင့် ရှာဖွေသွားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ AR စနစ်ကို ဆောင်ရွက်နေဆဲဖြစ်ကာ ဇွန်လပိုင်းတွင် အသေးစိတ် ထုတ်ပြန်သွား မည် ဖြစ်သည်။

"အခုကတ်ထုတ်လုပ်တာကနေ မြန်မာနိုင်ငံရဲ့ငွေကြေးစီးဆင်းမှုကို ပံ့ပိုးနိုင်မှာဖြစ်သလို အစိုးရရဲ့ စီးပွားရေး ဦးတည်ချက်တွေ ၀န်ထမ်းခန့်ထားရေးတွေကို အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်"ဟု MAB ၏ Country Manager Mr. Arturo Planell က ပြောသည်။

VISA နှင့် MAB ဘဏ် သည် ၂၀၁၄ ခုနှစ်မှစတင်၍ ကတ်များထုတ်လုပ်ရာတွင် လက်တွဲဆောင်ရွက်ခဲ့ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ၌ ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးဘဏ်ခွဲကို ၂၀၁၀ သြဂုတ်လတွင် နေပြည်တော်၌ ဖွင့်လှစ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required