ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နေရာတွင် ဂျပန်တပ်မတော်၏ စနစ်ကိုလည်း ကျင့်သုံးနေ

ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နေရာတွင် ဂျပန်တပ်မတော်၏ စနစ်ကိုလည်း ကျင့်သုံးနေ

မြန်မာ့တပ်မတော်အား ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရန် ကျင့်သုံးနေသည့် စနစ်များတွင် ဂျပန်တပ်မတော် မှ  စနစ်လည်းပါဝင်သည်ဟု မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။

KYODO ဂျပန်သတင်းဌာန ရန်ကုန်ဗျူရိုဌာနမှူး Mr. Hidenori Tajima ၏ မြန်မာ-ဂျပန် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးကိစ္စ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

"ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ဖို့အတွက်ကို အခုကျွန်တော်တို့ မြန်မာ့တပ်မတော်မှာ ကျင့်သုံးနေတဲ့ ဒီစနစ်တချို့ဟာ ဂျပန်တပ်မတော်က စနစ်တွေလည်း ပါပါတယ်။ နောက် အင်္ဂလိပ်တပ်မတော်က စနစ်တချို့လည်း ပါတယ်။ ဒီဟာထဲက နှစ်ခုကောင်းတာတွေကို ယူပြီးတော့ ကျွန်တော်တို့ လုပ်ထားတာပေါ့။" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

"ဂျပန်နဲ့မြန်မာ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးက ၁၉၄၀ ကာလလောက်ကတည်းက ရှိခဲ့တာပေါ့။ ဂျပန်မှာ သွားပြီးတော့ ပညာသင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ကနေ စပြီးတော့မှ မြန်မာ့တပ်မတော်က စသန္ဓေတည်ခဲ့တာပေါ့။" ဟု ၎င်းကဆက်ပြောသည်။

ဂျပန်-မြန်မာ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးသည် ဂျပန်သို့ သွားရောက်ပြီး စစ်ပညာသင်ခဲ့သည့် ရဲဘော်သုံးကျိပ်မှ စတင်ခဲ့သည်ဟုဆိုသည်။

"ဘာပဲပြောပြော ခေတ်မီတပ်မတော် မြန်မာ့တပ်မတော်တစ်ရပ် ဖြစ်လာတာဟာ ဂျပန်နိုင်ငံကနေ ဂျပန့်တပ်မတော်ရဲ့ ကူညီမှုတွေနဲ့စခဲ့တယ်ဆိုတာ မမှားပါဘူး။" ဟုပြောသည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ ၁၉၈၈ ခုနှစ်ထိ မြန်မာ-ဂျပန် ဆက်ဆံရေး အင်မတန် ကောင်းခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း၌ ဆက်ဆံရေး နှောင့်နှေးသွားသည်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းမှ ပြန်လည်တိုးတက်လာခဲ့သည်။

ဂျပန်နိုင်ငံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေဖြင့် ၂၀၁၄ ခုက ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ် ရောက်ခဲ့သကဲ့သို့ မကြာသေးမီကလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံမှထုတ်သည့် ကာကွယ်ရေးဆိုင်ရာ ခေတ်မီယန္တရားများဖြစ်သည့် ကင်းလှည့်လေယာဉ်နှင့် ကင်းလှည့်သင်္ဘောများကို ကမ္ဘာ့ထိပ်တန်းပစ္စည်းများအဖြစ် ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုသောလည်း ဘဏ္ဍာငွေကြေးပေါ် မူတည်ကြောင်းပြောသည်။

"ကျွန်တော့်အမြင်ပြောရလို့ရှိရင် တပ်မတော်တစ်ရပ်မှာ ဘယ်လောက်ပဲ လက်နက် ခဲယမ်းမီးကျောက်တွေ ကောင်းကောင်း၊ အစွမ်းထက်တဲ့ နံပါတ်တစ်အချက်က တိုက်စွမ်းရည် လူတွေရဲ့ တိုက်ချင်တဲ့ စိတ်ဓာတ်က အင်မတန်အရေးကြီးပါတယ်။ ဒီစိတ်ဓာတ်ကိုအရင် ကျွန်တော်တို့ ကောင်းအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ ခင်ဗျားပြောတဲ့ လက်နက်ယန္တရားတွေ ဖြည့်လိုက်ရင်တော့ ဒီတပ်မတော်တစ်ရပ်လုံးဟာ ပိုပြီးတော့ ကောင်းလာမှာလို့ မြင်ပါတယ်။" ဟု KYODO သတင်းဌာန၏ သြဂုတ် ၂၅ ရက်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်း ဖြေကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required