မန္တလေး၊ မေလ ၄ ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးအတွက် သစ်ပင်များစိုက်ပျိုးသွားရန် လုပ်ဆောင်နေ သည်ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။
"ကျွန်တော်တို့ ဒီမန္တလေးတိုင်းထဲမှာပေါ့ ကမ်းပြိုကာကွယ်ရေး လုပ်နေတဲ့နေရာမှာ အခုလုပ်နေတဲ့ ကမ်းပြိုကာကွယ်ရေးနဲ့တွဲပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိတဲ့ သစ်ပင်တွေ စိုက်ပျိုးတဲ့ဟာတွေပါ တွဲပြီးတော့ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်နေပါတယ်။"ဟု ဦးတိုးအောင်လင်း က ပြောသည်။
ထိုသို့စိုက်ပျိုးရန်အတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ မတ္တရာမြို့နယ်နှင့်စဉ့်ကူးမြို့နယ် မြစ်ကမ်းတစ်လျှောက် ကျေးရွာများကို ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ထားသည်။
"မတ္တရာမြို့နယ်ထဲက ရွာသုံးလေးရွာလောက်သွားပြီးတော့ သစ်တောကလည်း လက်ရှိ ပျိုးထားတဲ့ပျိုးပင်တွေနဲ့ ကျွန်တော်တို့လုပ်ထားတဲ့ ကမ်းထိန်းနံရံတွေရဲ့ အခြေအနေနဲ့ဘယ်အပင်နဲ့စိုက်လို့ အဆင်ပြေမလဲဆိုတာ ကွင်းဆင်းကြည့်ရှု့ခဲ့တယ်။"ဟု ဦးတိုးအောင်လင်းက ပြောသည်။
ထိုသို့ကွင်းဆင်းကြည့်ရှု့မှုများကို ဧပြီလ နောက်ဆုံးပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး အပင်များ စိုက်ပျိုးရန်အတွက်လည်း ကျေးရွာများကို အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
"ဒေသမျိုးရင်းဖြစ်တဲ့ ကိုင်းပင်တို့နောက်တစ်ခုက ရေထိကရုန်းလိုမျိုး ဒီကမ်းပါးလျောစောက်မှာပေါ့နော်။ အဲဒါလေးတွေ စိုက်မယ်။ နောင်တစ်ခုက အပင်ကြီးမျိုးတွေဖြစ်တဲ့ မအူပင်လိုမျိုး နောက်တစ်ခြား လေကာပင် လိုမျိုး မြေကြီးကိုကုတ်တွယ်ပြီး ကမ်းထိန်းတွေရဲ့အပေါ်ဘက်မှာစိုက်ဖို့အတွက် သစ်တောကလည်း အပင်တွေ ပျိုးနေတယ်။"ဟုဦးတိုးအောင်လင်းက ပြောသည်။
ကမ်းထိန်းနံရံများမပြုလုပ်ရသေးသည့်ကျေးရွာများကိုလည်း ကာကွယ်ရေးအနေနဲ့ အပင်များစိုက်ပျိုးပေးသွား မည် ဖြစ်သည်။ထိုသို့စိုက်ပျိုးခြင်းအားဖြင့် ကမ်းပြိုကာကွယ်မှုများ ပြုလုပ်ပြီးသားဖြစ်သလို လေမုန်တိုင်းအန္တရာယ် လည်း အထိုက်အလျှောက် ကာကွယ်ပေးနိုင်မည်ဟု ဦးတိုးအောင်လင်းက ဆိုသည်။
လတ်တလောတွင် မတ္တရာမြို့နယ်အတွင်းမှာရှိသည့် သဖန်းထောင့်၊ ဆင်ကျွန်း၊ ကုန်းတန်းကြီးနှင့် ရွာတန်းရှည် တို့၌ အပင်များ စိုက်ပျိုးသွားမည်ဖြစ်သည်။