ဒီးဒုတ်ရေပြာစမ်းနှင့် လှိုဏ်ဂူကို သိန်းတစ်သောင်း အကုန်အကျခံ၍အပန်းဖြေစခန်းပြုလုပ်မည်

ဒီးဒုတ်ရေပြာစမ်းနှင့် လှိုဏ်ဂူကို သိန်းတစ်သောင်း အကုန်အကျခံ၍အပန်းဖြေစခန်းပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေပင်ရွာနှင့် မကျည်းအင်း ကျေးရွာကြား တွင်ရှိသည့် ဒီးဒုတ် ရေပြာစမ်းနှင့် ဒီးဒုတ်လှိုဏ်ဂူတို့ကို အဆင့်မြင့် လူထု အပန်းဖြေ စခန်းပြုလုပ်ရန် ကျပ်သိန်းပေါင်း တစ်သောင်းခန့် အကုန်အကျခံ မည်ဟု ဒီးဒုတ်ရေပြာစမ်းနှင့် ဒီးဒုတ် လှိုဏ်ဂူတော် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ၊ ဥက္ကဌ ဦးမြင့်ဦး က မဇ္ဈိမ ကိုပြောသည်။

၎င်းက “ကျွန်တော်တို့ လူထုအပန်းဖြေ စခန်းဖြစ်အောင် သုံးနှစ်နဲ့ အပြီး လုပ်ဖို့စီစဉ် ဆောင်ရွက် နေတယ်။ အခုလောလောဆယ် လမ်းတွေနဲ့ ရေပြာအိုင် တွေကိုပြုပြင်နေတယ်။ နောက်တစ်ခုက လုံခြုံရေး အတွက်လည်း ဆောင်ရွက်မှုတွေလုပ်နေတယ်။ အားလုံးပြီးသွားရင် ကျန်းမာရေး၊ ဘာသာရေး တွေအတွက်လည်း လုပ်ဆောင်သွားဖို့ရှိပါတယ် “ဟု ပြောသည်။

ထိုသို့အဆင့်မြင့် အပန်းဖြေ စခန်းပြုလုပ်ရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၂၀၁၅ ခုနှစ်၊ မေလ ၁၇ ရက်တွင် အဖွဲ့ဝင် ၅၇ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လာရောက်အပန်းဖြေသူများ အန္တရာယ် ကင်းစွာ သွားလာနိုင်ရန် တောင်အတက် အဆင်းလမ်းများနှင့် သဘာဝရေပြာအိုင်များကို ပြုပြင် လျှက်ရှိသည်ဟု လည်း ဦးမြင့်ဦး ကဆိုသည်။ အဆိုပါနေရာအား လူထုအပန်းဖြေစခန်းပြုလုပ်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန်လ ၁၉ ရက်တွင် တရားဝင်ခွင့်ပြုပေးထားခဲ့သည်။

ထိုသို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံများအား လုပ်ကိုင် ခွင့် ပေးထားပြီးဖြစ်သော်လည်း ကုမ္ပဏီတစ်ချို့က ဒေသခံများနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင် ရန် ကမ်းလှမ်းမှုများရှိနေသည်။ ကမ်းလှမ်းမှုများအား ဒေသခံများအနေဖြင့် လက်ခံသွားမည် မဟုတ်ဘဲ ဒေသခံများမှဦးဆောင်၍ လူထုအပန်းဖြေစခန်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ဦးမြင့်ဦးက “ ကျွန်တော်တို့အနေနဲ့ဆိုင်ခန်းတွေကိုလည်း စနစ်တကျတည်ဆောက်မယ် ။ ပြီးတော့ သစ်တောတွေကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းသွားမယ်။ နှစ်ရှည်ပင်တွေ စိုက်ပျိုူးဖို့လည်း လုပ်နေတယ်။ လာရောက်အပန်းဖြေသူတွေကို ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်အောင် လည်းလုပ်နေတယ် “ဟု ပြောသည်။

အဆိုပါဒီးဒုတ်ရေပြာအိုင်တွင် သဘာဝရေပြာကန် ၂၀ ကန်ရှိပြီး ရှေးယခင်ကတည်းက ရှိခဲ့သော်လည်း ဒီးဒုတ် ရေပြာအိုင်ဟု လူသိများပြီး လာရောက်အပန်းဖြေသူများ ရောက်ရှိလာအောင် ၂၀၀၀ ပြည့်နှစ်ခန့်မှစတင်၍ ဒေသခံများ စုပေါင်းလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

ဒေသခံ တစ်ဦးဖြစ်သည့် မမြမီက “ အခုဆို ပြည်တွင်းအပန်းဖြေသူတွေ သာမကဘူး။ နိုင်ငံခြား ခရီးသွားတွေပါ လာရောက်အပန်းဖြေတာတွေရှိလာတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေပွင့်လာတယ်။ အဆင့်မြင့်လူထု အပန်းဖြေစခန်းလုပ်ပြီးသွားရင် ဒီထက်စည်ကား လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းပိုပြီးပွင့်လန်းလာမှာပါ။ “ဟု ပြောသည်။

အဆင့်မြင့်အပန်းဖြေ စခန်းပြုလုပ်ပြီးပါက ဒေသခံများအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်သွားမည်ဟု ကော်မတီအဖွဲ့ကဆိုသည်။ အဆိုပါအပန်းဖြေစခန်းပြုလုပ်မည့် အသေးစိတ်အချက်အလက်များကို စက်တင်ဘာ ၅ ရက် တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်သည်။

လက်ရှိ အဆိုပါ ရေပြာအိုင်များနှင့် သဘာဝလှိုဏ်ဂူသို့ နေ့စဉ်လာရောက် အပန်းဖြေသူ ၁၀၀ ကျော်ရှိပြီး အခါကြီးရက်ကြီးများတွင် လာရောက်အပန်းဖြေသူ သောင်းချီရှိသည်ဟု ဒေသခံများက ဆိုသည်။ အဆင့်မြင့်လူထု အပန်းဖြေစခန်းပြုလုပ်ရန်အတွက် ကုန်ကျငွေကို လက်ရှိလုပ်ကိုင်နေသော ဒေသခံများက အချိုးကျထည့်ဝင်၍ ဆောင်ရွက်သွားမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required