မကွေးတိုင်း ဆင်ပေါင်ဝဲမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူ

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူ

 

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ပန်းခြံတွင် ယနေ့ မေလ ၃ရက်နေ့ နံနက်ပိုင်း က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ထားရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။

တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်လို စိတ်နေစိတ်ထားနိုင်ငံအပေါ်စေတနာကောင်းထားမှု အနစ်နာခံနိုင်မှု လွတ်လပ်ရေးဖခင်ကြီးဖြစ်ကြောင်း၊  ဒေသခံလူငယ်များ၏ ရင်ထဲမှာ ဗိုလ်ချုပ်ကို ထာဝရ ရှင်သန်နေစေရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံက သိရသည်။

ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် ဆင်ပေါင်ဝဲမြို့နယ် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို နှင့်မြို ့မိမြို ့ဖများအားလုံးပူးပေါင်းပြီး အလှူငွေ စုစုပေါင်း ကျပ်သိန်း နှစ်ရာခန့် အကုန်ကျခံ တည်ဆောက်ခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။

“ ကျွန်တော်တို့ သရက်ခရိုင် မြို့နယ် (၆ )မြို့နယ်မှာ သရက်နဲ့ အောင်လံမြို့တွေမှာပဲ  ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်နိင်သေးတယ်လေ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျွန်တော်ရယ်၊ ဦးကျော်မင်းရယ်က ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အဓိကအားထားပြီး တိုက်တွန်း ခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက အားကြိုးမာန်တက်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေအထိ ကြိုးပမ်းပြီးလုပ်တော့ အခုလို အောင်မြင်လာတာပါ” ဟု ဦးတင်မောင်ဦးက ပြောသည်။

ဆင်ပေါင်ဝဲမြို့တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်အား မန္တလေးမြို့တွင် ထုလုပ်ခဲ့ပြီး ကြေးရုပ်အတွက် ကျပ်သိန်း တစ်ရာနှစ်ဆယ်နှင့်သယ်ယူဆောင်ခအပါအဝင် ထားရှိမည့် ရင်ပြင် ပြင်ဆင်ခများ စုစုပေါင်း ကျပ်သိန်းနှစ်ရာခန့် ကုန်ကျကြောင်း ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲအား ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးတင်မောင်ဦးက မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ ပုံကတော့ ဦးထုပ်ဆောင်းထားတဲ့ပုံ မဟုတ်ဘဲ စစ်ဝတ်တန်ဆာနဲ့ သူရဲ့ လက်နက်ကို ထောက်ထားပြီး အမိန့်ပေးတဲ့ပုံစံ ထုလုပ်ထားပါတယ်၊ဒီပုံမျိုးက ရှားတယ်လေ” ဟု ၎င်းမှ ဆက်ပြောသည်။

အခုလို ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ရာမှာသူတစ်လူငါတစ်မင်း မဟုတ်ဘဲ၊ဘယ်ပါတီ ဘယ်နိုင်ငံရေးနဲ့မှ မဆိုင်ပါကြောင်း ဆင်ပေါင်ဝဲမြို့မှ ဒေသခံ စာရေးဆရာမောင်ရင်သွေး(ဆင်ပေါင်ဝဲ)က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly