အိမ်ရာနှင့်စက်မှုဇုန်များပါ၀င်သည့် စီမံကိန်း ၁၂ ခုကိုဆောင်ရွက်ရန် တိုင်းအစိုးရ လွှတ်တော်တွင်တင်ပြ

အိမ်ရာနှင့်စက်မှုဇုန်များပါ၀င်သည့် စီမံကိန်း ၁၂ ခုကိုဆောင်ရွက်ရန် တိုင်းအစိုးရ လွှတ်တော်တွင်တင်ပြ
ရန်ကုန်တိုင်း အစိုးရ၏ တန်ဖိုးသင့် ရတနာနှင်းဆီ အိမ်ရာစီမံကိန်းအား တွေ့မြင်ရစဉ်။

ရန်ကုန်၊ မေ ၃ ။            ။ စက်မှုဇုန်နှင့်အိမ်ရာစီမံကိန်းများပါ၀င်သည့် စီမံကိန်း ၁၂ ခုကို ၂၀၁၈ မှ ၂၀၂၃ အထိ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် တင်ပြခဲ့သည်။

အဆိုပါစီမံကိန်းများတွင် နိုင်ငံဝန်ထမ်းနှင့် ပြည်သူများအတွက် အငှားအိမ်ရာ၊ အရောင်းအိမ်ရာစီမံကိန်းများ၊ မြို့သစ်စီမံကိန်းများအပြင် စက်မှုဇုန်အသစ်ဖော်ဆောင်ရေးစီမံကိန်းများလည်း ပါ၀င်နေပြီး ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်သွားရန် တိုင်းအစိုးရက မျှော်မှန်းထားသည်။

" ဌာနဆိုင်ရာများဖြစ်စေ၊ ပုဂ္ဂလိကများဖြစ်စေမြေများကို လက်ဝယ်ရယူထားပြီးတော့ အသုံးချမှုမရှိဘဲ မြေစျေး ကစားခြင်း၊ မြေစျေးကြီးအောင်ဆောင်ရွက်နေတဲ့ကိစ္စတွေ ပပျောက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများဖြစ်ထွန်းလာစေရေး၊ ၀န်ထမ်းများအပါအဝင် ပြည်သူများရဲ့လူမှုစီးပွားဘဝ၊ လူနေမှု အဆင့်အတန်းတွေ တိုးတက်မြင့်မာ့လာစေရေး နှင့်ကျူးကျော်ပြဿနာများပပျောက်စေရန်အတွက် ကျွန်မတို့ဒီစီမံကိန်းတွေ စီစဉ်ရခြင်းဖြစ်ပါတယ် " ဟု  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဒေါ်နီလာကျော်က ပြောသည်။

" ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်း အစီရင်ခံစာများ (၂၀၁၈ - ၂၀၂၁) " ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးဒေါ်နီလာကျော်က မေလ ၃ ရက်နေ့ လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

ငွေပင်လယ်စီမံကိန်း၊ နိုင်ငံဝန်ထမ်းအငှားအိမ်ရာနှင့် ပြည်သူ့အရောင်းအိမ်ရာစီမံကိန်း၊ အိမ်ရာပြန်လည် ဖွံ့ဖြိုးရေး စီမံကိန်းများ၊ Smart & Eco City စီမံကိန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းခေတ်မီစက်မှုဇုန်စီမံကိန်းတို့ ပါ၀င်ပြီး ၂၀၁၈ မှ ၂၀၂၃ ထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အနီးတွင် ငွေပင်လယ်စီမံကိန်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၂) လမ်းမ ကြီးနှင့် ခရေပင်လမ်းဆုံတွင် ဧက (၆၄၂) အကျယ်ရှိပြီး စက်မှုဇုန်၊ ယာဉ်ရပ်နားစခန်းတို့ပါ၀င်သည့် " စမ်းကြီးဝ သယ်ယူပို့ဆောင်ရေးဗဟို " ကို ရင်းနှီးမြုပ်နှံမှုပမာဏ ၁၉၂ ဘီလီယံကျပ် ( ခန့်မှန်း) ဖြင့် စီမံကိန်းကာလမှာ ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံဝန်ထမ်းအငှားအိမ်ရာနှင့် ပြည်သူ့အရောင်းအိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အကျယ် ဧက (၁၃၈) ပေါ်တွင် ရင်းနှီးမြုပ်နှံမှုပမာဧ (၃၅၈) ဘီလီယံကျပ် (ခန့်မှန်း) ဖြင့် စီမံကိန်းကာလကို ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိလျာထားသည်။

အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း များကို (၁) ပုဇွန်တောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ မြေအကျယ်(၄.၆) ဧကပေါ်တွင် ရင်းနှီးမြူပ်နှံမှုပမာဏ (၅၁.၂၉၇) ဘီလီယံကျပ်အသုံးပြုကာ ပြည်တော်သစ်အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းကိုလည်းကောင်း၊ (၂) အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်ရပ်ကွက်ရှိ  ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ငွေကျပ် (၁၇၈) ဘီလီယံ အသုံးပြု၍ လည်းကောင်း၊ (၃) ရန်ကင်းမြို့နယ်၊ အမှတ် (၁) မှ အမှတ် (၆) ရပ်ကွက်အထိ စီမံကိန်းဧရိယာ (၃၁.၉၅) ဧက အကျယ်ရှိမြေကွက်တွင် ငွေကျပ် (၃၅၆) ဘီလီယံ (ခန့်မှန်း) ကိုအသုံးပြုကာ ရန်ကင်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကိုလည်းကောင်း (၄) စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ရပ်ကွက်ရှိ မြေဧက (၅.၅) ပေါ်တွင် ငွေကျပ်(၆၁) ဘီလီယံအသုံးပြုကာ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဝေဠုဝန်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကိုလည်းကောင်း ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှသိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မြေဧက (၁၆၀၀၀) အကျယ်ပေါ်တွင် စက်မှုဇုန်မြို့တော်ဖြစ်သည့် Smart & Eco City စီမံကိန်း ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ကာလရှည်သတ်မှတ်အကောင်အထည်ဖော်ရန်ရှိနေပြီး ရင်းနှီးမြုပ်နှံမှုတန်ဖိုးကိုမှုတွက်ချက်ဆဲဖြစ်ကြောင်း ဒေါ်နီလာကျော်ကပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းခေတ်မီစက်မှုဇုန်စီမံကိန်း ကိုမှု မြေဧက (၉၀၀၀) ပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ပြီး၊ မရမ်းကူန်းဖီလာစီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ ပါရမီအဆင့်မြင့်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပြည်သူ့ဘဝမြင့်တင်ရေးမြို့သစ်စီမံကိန်း တို့ကိုလည်း အသီသီးအကောင်အထည်ဖော်သွားရန်ကို ၄င်းက လွှတ်တော်တွင်အစီရင်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း စုစုပေါင်း ၁၂ ခုတွင် ရင်းနှီးမြုပ်နှံမည့်တန်ဖိုးမှာ အနည်းဆုံး ငွေကျပ် ဘီလီယံ ထောင်ကျော် ရှိနေပြီး စီမံကိန်းအားလုံးမှာ လုပ်ငန်းစ တင်နိုင် ရန်အတွက် မြေတိုင်းခြင်းနှင့် ရင်းနှီးမြုပ်နှံမှုဖြစ်တန်စွမ်းကိုသာ လေ့လာပြီးထားကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆိုပါ အစီရင်ခံစာနှင့် ပက်သက်၍ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက နာမည်စရင်း တင်သွင်းနိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required