ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲလာရန် နေပြည်တော်တွင် ပန်းရဲ့လမ်းအဖွဲ့လှုံ့ဆော်

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲလာရန် နေပြည်တော်တွင် ပန်းရဲ့လမ်းအဖွဲ့လှုံ့ဆော်
သြဂုတ် ၂၉ ရက်က သီဆိုဖျော်ဖြေမှုများ ပြုလုပ်နေသည့် ပန်းရဲ့လမ်း အဖွဲ့ကို တွေ့ရစဉ်။ ဓါတ်ပုံ - မင်းမင်း
 

နေပြည်တော် ရှစ်မြို့နယ်အနက် သုံးမြို့နယ်ရှိ နေရာ(၅)ခုကို တစ်ရက်တည်းသွားမည့် ဒေါ်အောင် ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ လာရောက်ကြရန် ပန်းရဲ့လမ်း တေးဂီတအဖွဲ့က ဩဂုတ် ၂၈ ရက်ကစပြီး ဂီတဖြင့်ဖျော်ဖြေကာ နေပြည်တော်တွင်း လှည့်လည် လှုံ့ဆော်ခဲ့သည်။  

ပုဗ္ဗသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်တင့်က  “ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲအတွက် နေရာ(၅)နေရာ ရွေးထားတယ်။ အဲ့ဒီ(၅)နေရာကို ပြည်သူလူထုတက်ရောက်ဖို့ ဖိတ်စာလေးတွေ လိုက်ကမ်းတဲ့နေရာမှာ ဦးရဲလွင်တို့ရဲ့ ပန်းရဲ့လမ်းအဖွဲ့က ကူညီပေးတာပါ” ဟု ရှင်းပြသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ တက်ရောက်ရန် နေပြည်တော်ရှိ အနည်းဆုံး ၁၀နေရာတွင် လိုက်လံလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီး ပန်းရဲ့လမ်းတေးဂီတအဖွဲ့ကလည်း “စုနိုင်မှ ချမ်းသာမည်” “မျှော်လင့်ချက် တစ်စုံတစ်ရာ” “ယုံကြည်ရာ” “အားလုံးကို ကျော်ဖြတ်ရမယ်” စသည့် တေးသီချင်း များဖြင့် ဖျော်ဖြေလှုံ့ဆော်ခဲ့သည်။

သြဂုတ် ၃၀ ရက် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နံနက်(၈)နာရီကစတင်၍  ဥတ္တရ သီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုရှိ ဆန်ကန်ဘုန်းကြီးကျောင်းတွင် စတင်ဟောပြောမည်ဖြစ်ပြီး ညနေပိုင်း ၃နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာ ဟောပြောပွဲပြီးမှသာ အဆုံး သတ်မည်ဖြစ်သည်။

ထို့ပြင် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် နံနက် ၉နာရီ၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်း ရပ်ကွက်တွင် နေ့လည် ၁၂နာရီ ၃၀မိနစ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေခဲအင်းတွင် ၂နာရီဖြင့် အသီးသီး ဟောပြောမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required