မီးလောင်သွားသော မင်္ဂလာစျေးအသစ်ကို ၂နှစ်ကျော်အတွင်း အပြီးတည်ဆောက်မည်

မီးလောင်သွားသော မင်္ဂလာစျေးအသစ်ကို ၂နှစ်ကျော်အတွင်း အပြီးတည်ဆောက်မည်

 

ရန်ကုန်၊ မေ ၃ ။           ။ ၂၀၁၆ ခုနှစ်က မီးလောင်ကျွမ်းခဲ့သော မင်္ဂလာစျေးကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ  နှစ်နှစ်ကျော်ကြာ (လပေါင်း ၃၀ ) အချိန်အတွင်း ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာစျေးသစ်တည်ဆောက်ရေးစီမံကိန်း၊ မင်္ဂလာပန္နက်ရိုက်ပွဲအခမ်းအနား၌ မေလ ၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မီးလောင်ပြီး ၂ နှစ်အကြာမှ ပြန်လည်တည်ဆောက်မည့် မင်္ဂလာစျေးကို ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ကားပါကင် ၂ ထပ်၊ စျေးဆိုင်များ ၃ ထပ် နှင့် ကုမ္ပဏီမှ ၁၀ ထပ် စုစုပေါင်း ၁၅ ထပ် ပါ၀င်မည်ဖြစ်သည်။

၄င်းမင်္ဂလာစျေး၏ ကားပါကင်တွင် ကားအစီးရေ ၈၀၀ ၀န်းကျင်ရပ်နားနိုင်ရန်အတွက်လည်း စီစဉ်ထားသည်ဟု သိရသည်။

"ကျွန်တော်တို့ဟာအသစ်ပြန်လည်တည်ဆောက်မယ်ဆိုတိုင်း ပိုမိုကောင်းမွန်ဖို့ကို ကျွန်တော်တို့အစိုးရအဖွဲ့က အဓိကထားခဲ့ပါတယ်။ ဒီနေရာမှာပြည်သူလူထုနဲ့ ပြည်သူလူထုအကျိုးအတွက်် ပုဂ္ဂလိကကဏ္ဍနဲ့ပူးပေါင်းပြီး ဒီစျေးကြီးကိုတည်ဆောက်ဖို့မျှော်မှန်းထားပါတယ်။ ဒီစျေးကြီးကို သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း လပေါင်း ၃၀ အတွင်းမှာ အပြီးဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့တော်စည်ပင်သာယာဘက်က ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၃ ရက် တွင် ပြောသည်။

မင်္ဂလာစျေးအသစ်တည်ထောက်ရာ၌ ကျပ် ဘီလိယံ ၆၈ သိန်းကုန်ကျမည်ဖြစ်ပြီး မူလအထပ်၊ မူလတည်နေရာတွင်ရှိသောဆိုင်ခန်းများကို စျေးတည်ဆောက်ပုံအတိုင်း ပြန်လည်နေရာချထားပေးသွားရန် စီစဉ်ထားသည်။  ၂၀၂၀ ခုနှစ်တွင် ဆိုင်ခန်းများစတင်ဖွင့်လှစ်နိုင်မည်ဟု ရည်မှန်းထားပြီး ဆိုင်ခန်းများကို မူလအရေအတွက်အတိုင်း အတိအကျတည်ဆောက်သွားမည်ဖြစ်သည်ဟု သိရသည်။

"ကျေနပ်ပါတယ် ဘာလို့ဆိုတော့ ကိုယ့်နေရာတွေကိုယ်ပြန်ရတော့ ခုနှစ်ရက်သားသမီးအားလုံးအတွက် စျေးတစ်စျေးလုံးအတွက် ပီတိဖြစ်ပါတယ်" ဟု မဝေအထည်ဆိုင်ပိုင်ရှင် ဒေါ်ခင်စောဝေ က ပြောသည်။

လက်ရှိတွင်တင်ဒါအောင်ကုမ္ပဏီ ဆန်းမြတ်ထွန်းကုမ္ပဏီကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ တည်ဆောက်ရေးကာလ နှစ်နှစ်ခွဲပေးထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ကစတင်ပြီးတော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြေကြီးထဲမှာ ဘိုးပိုင်လုပ်ငန်းတွေကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့် မိုးတွင်းကာလမှာလည်း ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဆန်းမြတ်ထွန်းကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာနေလင်းထွန်း က ပြောသည်။

မင်္ဂလာစျေးကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အင်ဂျင်နီယာများ နည်းပညာရှင်များနှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ရာတွင်ကုန်ကျစရိတ်နှင့် ကုမ္ပဏီ၏အကျိုးအမြတ်အတွက် ညှိနှိုင်းနေဆဲဖြစ်သည်ဟု  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

"သူတို့ကအစိုးရကိုလွှဲပေးမယ့်အထပ်တွေပါမယ်။ သူတို့နှစ်ရှည်လုပ်မယ့်အထပ်တွေပါတယ်။ ဥပမာအားဖြင့်စျေးအထပ်တွေပြီးသွားတာနဲ့ စျေးများဌာနကို တိုက်ရိုက်သူတို့လွှဲပေးမယ်။ အပေါ်မှာသူတို့ရရှိတဲ့အခန်းတွေကတော့ နှစ်ရှည်သူတို့လည်းခံစားခွင့်ရရှိသွားမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောသည်။

အဆိုပါမင်္ဂလာစျေးသစ်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူရာတွင် တင်ဒါဖောင်ကို ကုမ္ပဏီ ၂၀ ခု မှ ၀ယ်ယူခဲ့ကာ ကုမ္ပဏီ ၁၀ ခု မှ တင်ဒါလျှောက်လွှာတင်ခဲ့ကြပြီး တင်ဒါခေါ်ယူသည့်နောက်ဆုံးအဆင့်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီ ရ ခု ၌ ဆန်းမြတ်ထွန်း ကုမ္ပဏီ တစ်ခုသာ တင်ဒါပါ၀င်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာစျေးသည် လက်လီလက်ကားအားထားရသော စျေးကြီးတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့သောကြောင့် ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးသိန်းပေါင်း ၃၆၀,၆၀၃ သိန်း ဆုံးရှုံးခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

၄င်းမင်္ဂလာစျေးသည် ၂၀၁၀ ခုနှစ် မေလ၌ မီးလောင်ကျွမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ထပ်မံလောင်ကျွမ်းခဲ့ကာ ၂ နှစ်အကြာမှ ထပ်မံတည်ဆောက်နိုင်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required