ထိန်ပင်အမှိုက်ပုံမီးငြိမ်းရာတွင် မီးသတ်ရဲဘော်များနှင့်ကူညီငြိမ်းသတ်သူအချို့ ဆေးကုသမှုခံယူခဲ့ရ

ထိန်ပင်အမှိုက်ပုံမီးငြိမ်းရာတွင် မီးသတ်ရဲဘော်များနှင့်ကူညီငြိမ်းသတ်သူအချို့ ဆေးကုသမှုခံယူခဲ့ရ
ဓာတ်ပုံ - EPA

 

မေ ၃။                  ။ထိန်ပင်အမှိုက်ပုံမီးလောင်းမှုတွင် မီးငြိမ်းသတ်သော မီးသတ်ရဲဘော်အချို့နှင့် အခြားကူညီငြိမ်းသတ် သည့်တပ်ဖွဲ့ဝင် စုစုပေါင်း ရ ဦး မီးငြိမ်းသတ်စဉ် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

မီးငြိမ်းသတ်စဉ် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အတွင်းလူနာအဖြစ်တက်ရောက်ကုသသူ ရ ဦး ရှိပြီး အခြေအနေ ကောင်းမွန်ကာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးကပြောသည်။

“မီးအပြီး ငြိမ်းသတ်ပြီး နောက်ပိုင်းမှာထပ်ရောက်လာတာတော့မရှိဘူး။ အတွင်းလူနာ ရဦးတက်ခဲ့ပြီး ဆင်းသွားကြပြီ။ နည်းနည်းပါးပါးလေးတွေဆိုတော့။ ပေါင်ကျိုးတဲ့လူနာကတော့ ရန်ကုန်ဆေးရုံကြီးသွား ပြီး ကုသမှုခံယူတယ်” ဟု ဆေးရုံအုပ်ကြီးကပြောသည်။

လှိုင်သာယာပြည်သူဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရ မီးငြိမ်းသတ်သူများမှာ အဓိက မီးငြိမ်းသတ်စဉ် ခြေထောက်မီးလောင်ဒဏ်ရာရခြင်း၊ ပေါင်ကျိုးဒဏ်ရာရခြင်း၊ လက်ချောင်းများထိခိုက်ဒဏ်ရာ ရခြင်း စသော ထိခိုက်မှုများကြောင့် လာရောက်ဆေးကုသမှုခံယူခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြိုနယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် ဆေးရုံ သို့လာ ရောက် ဆေးကုသမှုခံယူသော ပြည်သူစုစုပေါင်း ၃၈ဦးရှိခဲ့ပြီး အတွင်းလူနာ ၁၉ဦးနှင့် ပြင်ပ လူနာ ၁၉ ဦး ရှိကြောင်း သတင်းရရှိသည်။

“အခက်ခဲတော့ တအားကြီး မကြံုခဲ့ရပါဘူး။ ကုသရေးပိုင်းကလည်း အားလုံးအဆင်ပြေချောမွေ့စွာနဲ့ဘဲ ပြီးစီးသွားပါပြီ” ဟု ဒေါက်တာဆန်းလွင်ဦးကပြောသည်။

လှိုင်သာယာမြိုနယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ဧပြီ ၂၁ ရက်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး မေ ၂ ရက်တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required