ရန်ကုန်တိုင်းအတွင်းမှာ မာဆတ်တွေကို ခွင့်ပြုထားခြင်းမရှိဟု တိုင်းအစိုးရဆို

ရန်ကုန်တိုင်းအတွင်းမှာ မာဆတ်တွေကို ခွင့်ပြုထားခြင်းမရှိဟု တိုင်းအစိုးရဆို

ရန်ကုန် ၊ မေ ၂ ။                            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အနှိပ်ခန်း Massage တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  ခွင့်ပြုပေးထားခြင်း မရှိဟု တိုင်းဒေသကြီးအစိုးရက ငြင်းဆိုလိုက်သည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက် နေ့တွင် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက "ရန်ကုန်တိုင်းအတွင်း၌ KTV ၊ အနှိပ်ခန်းများကို မည်သည့်ခွင့်ပြုချက်များဖြင့် လိုင်စင်ထုတ်ပေးပြီး လိုင်စင်ထုတ်ပေးရာတွင် ပတ်ဝန်းကျင်ပြည်သူများက သဘောတူ လက်မှတ်ရေးထိုးပေးမှုကို ထည့်သွင်းစဉ်းစားမှု ရှိ/မရှိ" သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး အစား လွှတ်တော်၌ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနဲ့ Foot massage ၊ Oil massage ၊ Body massage တို့ကို  ခွင့်ပြုထားခြင်း မရှိပါဘူး။ ဟိုတယ်မော်တယ်လုပ်ငန်းတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်နဲ့ ခွင့်ပြုထားတာ ဖြစ်ပြီးတော့ အဲ့နေရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အနှိပ်ခန်းလုပ်ငန်းလိုင်စင်တွေကို ခွင့်ပြုထားတာ မရှိပါကြောင်းနဲ့ အလှပြင်ဆိုင်ကြေငြာတွေမှာလည်း မသင့်တော်တဲ့ စာသားများမပါစေဖို့ ခွင့်ပြုချက်မဲ့လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေဖို့ကိုလည်း ကြီးကြပ်ဆောင်ရွက်နေပါတယ်" ဟု ဦးမြင့်သောင်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required