ပုဒ်မ ၃၇၇ ဖြင့် တရားရင်ဆိုင်နေရသည့် မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အာမခံလျှောက်ထားမှု ပယ်ချခံရ

ပုဒ်မ ၃၇၇ ဖြင့် တရားရင်ဆိုင်နေရသည့် မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အာမခံလျှောက်ထားမှု ပယ်ချခံရ

 

ရန်ကုန်၊ မေ ၂ ။          ။ ဓမ္မတာနှင့် ဆန့်ကျင်သော အဓ္ဓမပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့်် တရားရင်ဆိုင်နေရသည့် မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မျိုးထွဋ်ကို တောင်ဥက္ကလာတရားရုံးမှ မေလ ၂ ရက်တွင် အာမခံ ပယ်ချခဲ့သည်။

စားပွဲထိုးဝန်ထမ်းအမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စဲခံထားရသူ ဆိုင်ပိုင်ရှင် ဦးအောင်မျိူးထွဋ်၏ အာမခံလျှောက်ထားမှုကို တောင်ဥက္ကလာ ပမြို့နယ်တရားရုံးမှ ပယ်ချခဲ့သည်။

ဧပြီ ၂၀ ရက် ၄ ကြိမ်မြောက်ရုံးချိန်းတွင် ကျန်းမာရေးမကောင်းဟုဆိုကာ အာမခံပေးရန် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး မေလ ၂ ရက်နေ့ ရုံးချိန်းတွင် ပယ်ချခံခဲ့ရခြင်းလည်း ဖြစ်သည်။

" ကိုအောင်မျိုးထွေးအာမခံပေးဖို့နဲပက်သက်ပြီးတော့ လျှောက်လွဲချက်တင်တဲ့ဟာကို ပယ်တဲ့အမိန့်ကို ချတယ်ပေါ့။ အဲ့တော့ ဥပဒေအရ ခရိုင်တရားရုံးကိုတက်ပြီး အာမခံအတွက်လျှောက်ထားမယ်လို့ ဆုံးဖြတ်ထားပါတယ် " ဟု ဦးအောင်မျိုးထွဋ်၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက် က ပြောသည်။

စွပ်စွဲခံထားရသူသည် HIV ရောဂါရှိသည့်အတွက် ဆေးနေ့စဉ်သောက်နေရပြီး ထောင်ထဲတွင်နေထိုင်ရန် အဆင်မပြေကြောင်းလည်း ၄င်းကပြောသည်။

" ကျန်းမာရေးအခြေအနေက အခုလောလောဆယ် မျက်လုံးနည်းနည်းဝါနေတယ် " ဟု မေလ ၂ ရက်နေ့ရုံးချိန်းတွင် ဦးအောင်မျိုးထွဋ်က ၄င်း၏ကျန်းမာရေးအခြေအနေကိုပြောပြခဲ့သည်။

လတ်တလော တရားလိုပြသက်သေ ၆ ယောက်ရှိပြီး ယခုရုံးချိန်းတွင် တရားလိုဘက်မှ လာရောက်ခြင်း မရှိသောကြောင့် လာမည့် မေလ ၁၆ ရက်တွင်တရားလိုစစ်ရန် တောင်ဥက္ကလာပမြို့နယ် တရားသူကြီးက ချိန်းဆိုထားသည်။

လာမည့် မေလ ၁၆ ရက်နေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ၂ ယောက်စစ်ရန်ကြိုးစားသွားမည်ဟုလည်း တရားသူကြီးကပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မယ့်လိမ်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ် ဆိုသူက ၎င်း၏ဝန်ထမ်းဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို ၂၀၁၈ခုနှစ် မတ်လ ရ ရက်၊ ည ၉ နာရီခွဲခန့်က အတင်းအဓမ္မ ပြုကျင့်ခဲ့ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။ ထို့နောက် ၀န်ထမ်း အမျိုးသားကို ငွေကျပ် ၂၅၀၀ ကျပ်နှင့် ဖုန်းဘေ ၃၀၀၀ ကျပ်ဖြည့် ပေးခဲ့ကြောင်း ရဲဘက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါစားသောက်ဆိုင်ပိုင်ရှင်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီး မှုအမှတ် ၂၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ "ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required