စစ်ကိုင်းတိုင်း၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ၃ ဦး သေဆုံး

မုံရွာ၊ မေ ၂။                            ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဧပြီ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အတွင်းဖြစ်ပွားခဲ့ သော လေပြင်းတိုက်ခတ်မှုများကြောင့် ဟုမ္မလင်းမြို့နယ်မှ ၂ ဦး၊ စစ်ကိုင်းမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း ၃ ဦးသေဆုံးကာ၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိမ်ခြေပျက်စီးမှုစုစုပေါင်းတွင် လုံးဝပျက်စီးမှု (၇၂)အိမ်၊ တစိတ်တပိုင်းပျက်စီးမှု (၁၈၉၁)အိမ်၊ နှင့် လေဘေးသင့်အိမ်ထောင်စုပေါင်း (၁၉၇၂)စု၊ ရှိခဲ့ကြောင်း၊ ဘာသာရေးအဆောက်အဦများ ပျက်စီးမှုတွင်လည်း ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လုံးဝပျက်စီးသွားခဲ့ပြီး၊ တစိတ်တပိုင်းပျက်စီးမှု (၃၁)ကျောင်း ရှိခဲ့ကြောင်း၊ သိရသည်။

"ဧပြီလ အစောပိုင်းထဲမှာဖြစ်ခဲ့တဲ့ လေဘေးအန္တရာယ်တွေကြောင့် လေဘေးသင့်ခဲ့သူတွေကို ကယ်ဆယ်ရေး ပစ္စည်း (၅)မျိုး၊ ပေးအပ်ထောက်ပ့ံခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၂၈ ရက်နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုးကို ထောက်ပ့ံခဲ့ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကူညီထောက်ပ့ံခဲ့သော ကယ်ဆယ်ရေးပစ္စည်းများမှာ ကျားဝတ်လုံချည်၊ မဝတ်လုံချည်၊ တဘက်၊ တီရှပ်အိကျင်္ ီ၊ ဆပ်ပြာ၊ စတီးဇွန်း၊ စတီးဇလုံ၊ လေးထောင့် ပလတ်စတစ်ပုံး၊ စတီးသောက်ရေခွက်၊ ပလတ်စတစ်ရေချိုးခွက်၊ တို့ဖြစ်ကြပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်း ၂၂၇၃၄၁၁၀ ကျပ်ဖြစ်ကြောင်း၊ အဆိုပါရုံးမှ ထောက်ပ့ံကူညီခဲ့သော စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုများမှာ ယင်းမာပင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဟုမ္မလင်း၊ တန့်ဆည်၊ ပုလဲ၊ ကလေး၊ ကနီ စသည့်တို့နယ်များတွင် မကြာခဏဖြစ်ပွားခဲ့ပြီး ထီးချိုင့်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်၊ ဖောင်းပြင်၊ ဆားလင်းကြီး၊ စစ်ကိုင်း တို့၌ ၁ ကြိမ်စီ ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly