ဆော်ပေါ်လိုမြို့ရှိ ကျူးကျော်များနေထိုင်ရာ အထပ်မြင့်အဆောက်အဦး မီးလောင်မှုကြောင့် ပြိုကျ

ဆော်ပေါ်လိုမြို့ရှိ ကျူးကျော်များနေထိုင်ရာ အထပ်မြင့်အဆောက်အဦး မီးလောင်မှုကြောင့် ပြိုကျ

 

ဆော်ပေါ်လို၊ ဘရာဇီး၊ မေ ၂ ။                   ။ ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော ဆော်ပေါ်လိုမြို့မှ ကျူးကျော်များအသုံးပြုနေထိုင်ရာ ၂၄ထပ်မြင့် အဆောက်အဦးကြီးတစ်ခုသည် မီးလောင်ကျွမ်းမှုကြောင့် အင်္ဂါနေ့အစောပိုင်းက ပြိုကျပျက်စီးသွားခဲ့ပြီး လူ ၃ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများက ၄င်းတို့သည် အဆောက်အဦး မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရသော ကြောင့် ၄င်းတို့၏ကလေးများနှင့်အတူ အဆောက်အဦးပြိုမကျခင် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုခဲ့သည်။

အိမ်ခြေယာခြေမဲ့ မိသားစုအများအပြားသည် ယင်းအဆောက်အဦးအတွင်း နေထိုင်လျက်ရှိကြောင်း တာဝန်ရှိ သူများ၏အဆိုအရ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးပြိုကျသွားခဲ့သော်လည်း သေဆုံးသူ မရှိသေးပဲ အပြင်းအထန်ဒဏ်ရာရသူတစ်ဦးသာရှိကြောင်း သိရသည်။

“လူအချို့ပျောက်ဆုံးနေပါတယ်။ သုံးယောက်ပျောက်နေတယ်လို့ ခန့်မှန်းရပါတယ်။ လူတစ်ယောက်ကတော့ သေလောက်အောင်ကို ဒဏ်ရာရရှိခဲ့ပါတယ်” ဟု မီးသတ်တပ်ဖွဲ့မှူး ရီကာဒိုပီဇိုတိုက ပြောခဲ့သည်။ ဆက်လက် ပြီး သူက “အဆောက်အဦးထဲမှာ ဘယ်နှစ်ယောက်နေထိုင်လဲဆိုတာ ကျနော်တို့မသိပါဘူး။ အပျက်အစီးတွေ ကြားထဲမှာ ထိခိုက်ဒဏ်ရာရသူ ဘယ်နှစ်ယောက်တွေ့မလဲဆိုတာကို ကျနော်တို့မသိသေးပါဘူး” ဟု ဆိုခဲ့သည်။

မြို့တော်လုံခြံုရေးအဖွဲ့မှ တာဝန်ရှိသူ ဟိုဆေးရောဘတ်တိုကမူ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော အဆောက် အဦးထဲ၌ နေထိုင်သူ ၂၅၀ ခန့်ရှိကြောင်း ပြောဆိုခဲ့သည်။

မီးသည် တစ်ညလုံး ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးတစ်ခုလုံးကို ငရဲမီးပမာလောင်ကျွမ်းခဲ့ ကာ ပြိုကျပျက်စီးသွားစေခဲ့သည်။ ဒါ့အပြင် ယင်းအဆောက်အဦးနှင့် ဘေးချင်းကပ်ရှိ ဘုရားကျောင်းလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

မီးသတ်တပ်ဖွဲ့သည် မီးသတ်ယာဉ် ၅၇ စီးနှင့် မီးသတ်သမား ၁၆၀ခန့်ကို အသုံးပြု၍ မီးကိုငြိမ်းသတ်ခဲ့ကြောင်း မီးသတ်ဌာနက ၄င်းတို့၏တွစ်တာမှတဆင့် ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required