မောင်တော- အငူမော် ကားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ကိုးတန်ကောက်ကျေးရွာထိ ပြီးစီး

မောင်တော- အငူမော် ကားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ကိုးတန်ကောက်ကျေးရွာထိ ပြီးစီး
အငူမော်-မောင်တောလမ်း လမ်းခင်းနေမှုများအား ဇန်နဝါရီလ ပထမပတ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးချမ်းခိုင်

ရသေ့တောင်၊ မေလ ၁ ရက်။                 ။ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကနေ မောင်တောမြို့နယ်ထိ ဖောက်လုပ်ထားတဲ့ ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းချောအဖြစ် ပြုလုပ်နေတာဟာ လက်ရှိမှာ အငူမော်ကျေးရွာကနေ ကိုးတန်ကောက်ကျေးရွာအထိ ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဒီအငူမော်ကျေးရွာကနေ ကိုးတန်ကောက်ကျေးရွာထိ ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ပြီးစီးကြောင်း ဖွင့်ပွဲအခမ်း အနားတစ်ခုကို မေလ ၁ ရက်နေ့ နံနက်ပိုင်းက အငူမော်ကျေးရွာ အနီးမှာ ကျင်းပပြုလုပ်ခဲ့ရာ အဲဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ တက်ရောက်ခဲ့ပါတယ်။

“အငူမော်ကနေ မောင်တောအထိမှာ လမ်းပိုင်းတစ်ပိုင်းတစ်ပိုင်းဖြစ်တဲ့ အငူမော်ကနေ ကိုးတန်ကောက်အထိ ၂၁ ကီလိုမီတာရှိတဲ့လမ်းကို ကျနော်တို့ ဖွင့်ပွဲအခမ်းအနားနဲ့ ဖွင့်လှစ်တာပါ။ ဒီအငူမော်ကနေ ဦးဒေါင်း၊ မောင်တောအထိ ကွန်ကရစ်လမ်း ချောချောရှုရှု အားလုံးသွားနိုင်ဖို့အတွက် ကျနော်တို့ လုပ်ပေးမယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်။”လို့ အေးရှားဝေါလ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်နိုင်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီမောင်တော- အငူမော်ကားလမ်း အဆင့်မြှင့်တင်ရေးကို အေးရှားဝေါလ် ဖောင်ဒေးရှင်း(Asia World Foundation)မှ လှူဒါန်းပြုလုပ်ပေးနေတာဖြစ်ပြီး မောင်တောကနေ အငူမော်အထိ ကားလမ်းအရှည်ဟာ ၄၉ မိုင်ရှိပါတယ်။

အငူမော်-မောင်တောလမ်းပိုင်းရှိ ကိုးတန်ကောက်ကျေးရွာအနီးရှိ ကိုးတန်ကောက်စခန်း။

အခုလို လမ်းကောင်းမွန်လာပြီ ဖြစ်တာကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာလည်း များစွာအဆင်ပြေနေတယ်လို့ ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလိုလမ်းက လမ်းချောဖြစ်သွားပြီဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက် အရမ်းကောင်းပါတယ်။ ခရီးသွားရတာတွေကအစ လုံခြံုစိတ်ချ အဆင်ပြေတယ်။ ဒီလမ်းမပြီးခင် မြေသားလမ်းတုန်းက အခက်ခဲတွေ ကြံုရတယ်။ မိုးတွေတအားရွာရင် လမ်းကအခုလိုမကောင်းသေးတော့ ကလေးတွေ ကျောင်းသွားလို့မရဘူး။ တံတားတွေမပြီးသေးတဲ့ အချိန်မှာဆို ကျောင်းမသွားရဘဲ ပညာရေးတွေ နှောင့်နှေးတာပေါ့။ အခုဆိုတော့ လမ်းလည်းကောင်း၊ တံတားတွေလည်းပြီးသွားပြီဆိုတော့ အားလုံးအဆင်ပြေနေကြပါတယ်။”လို့ ဆင်ပိုက်ကျေးရွာဒေသခံ ဦးမောင်ကံဝင်းက ပြောပါတယ်။

အေးရှားဝေါလ် ဖောင်အေးရှင်းအနေနဲ့ ဒီလမ်းအဆင့်မြှင့်တင် စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ လောက်ကစတင် ဆောင်ရွက်နေတာဖြစ်ပြီး ၅လတာအတွင်းမှာတော့ အငူမော်မှ ကိုးတန်ကောက်အထိ ၁၃ မိုင်ကျော်ကို ဆောင်ရွက်ပြီးစီးခဲ့တာပါ။

နောက်ထပ် ကိုးတန်ကောက်ကျေးရွာကနေ မောင်တောမြို့အထိ ရှေ့ဆက်ပြုလုပ်ဖို့ ကျန်ရှိနေသေးတာကိုတော့ မိုးရာသီကာလ ကျော်လွန်မှ ဆက်လက်ပြုလုပ်သွားမယ်လို့ အေးရှားဝေါလ် ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required