အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်ကိုအတည်ပြုရန် ရက်ပိုင်းသာလိုတော့ဟု အလုပ်သမားအမြဲတမ်းအတွင်းဝန်ပြော

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်ကိုအတည်ပြုရန် ရက်ပိုင်းသာလိုတော့ဟု အလုပ်သမားအမြဲတမ်းအတွင်းဝန်ပြော
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ မေ ၁ ။          ။ မြန်မာနိုင်ငံထဲရှိ အခြေခံအလုပ်သမားများနှင့် စက်ရုံအလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ် အတည်ပြု သတ်မှတ်ဖို့ ရက်ပိုင်း သာလိုအပ်တော့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြော ဆိုလိုက်သည်။

" ရက်ကလေးပဲကျန်တော့တာ အတည်ပြုမယ်။ အတည်ပြုပြီးတယ်လို့ ၉၉ ရာခိုင်နူန်းလောက်တောင် ပြောလို့ရနေပြီ  "  ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ဦးဆောင် ပြုလုပ်ခဲ့သည့် မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (ကမ္ဘာ့အလုပ်သမားနေ့) ပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်သတ်မှတ်ရန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ အဖွဲ့လိုက်ဆွေးနွေးပြီးအတည်ပြုရမှာဖြစ်သောကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာတိုးသော်လည်း ကုန်စျေးနူန်းတတ်မည်ကိုလည်း အလုပ်သမားများကစိုးရိမ်နေကြသည်။

" လုံလောက်မျှတတယ်လို့တော့မဟုတ်ဘူး။ ရသင့်ရသလောက်နဲ့ အဆင်ပြေအောင်တော့ သူ့ဟာသူဖြစ်သွားကြတာပါပဲ။ ၃၆၀၀ ပေးတုန်းကလည်း ကိုက်အောင် အခု ၄၈၀၀ ရတယ်ဆိုလည်း တစ်မိသားစုလုံးအဆင်ပြေတယ်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ရန်ကုန်မြို့မှာ အဆောင်ငှားနေရ တာတွေ ဘာတွေရှိတော့ အကုန်လုံးကအခက်ခဲတွေနဲ့ရှိကြပါတယ်။ ဒါပေမယ့် အခု ၄၈၀၀ ကျတော့လည်းအဆင်ပြေတယ်လို့ပဲပြောရမှာပေါ့နော်။ အကုန်လုံး တော့ လုံလောက်တယ်လို့မဟုတ်ပါဘူးရှင့် " LIA ခြေအိပ်စက်ရုံ မှ မမာလာမြင့်ကပြောသည်။

အလုပ်သမားတစ်ဦးလျှင် အနိမ့်ဆုံး လုပ်ခ လစာ တစ်ရက်လျှင် ၅၆၀၀ ကျပ် တောင်းဆိုထားရာ ၄၈၀၀ ကျပ် သတ်မှတ်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ကျပ် ၄၈၀၀ ဆုံးဖြတ်ခြင်းအပေါ် ရက်ပေါင်း ၆၀ စောင့်ကြည့်ရန်သတ်မှတ်ထားပြီး အလုပ်ရှင်ဘက်ကသော်လည်းကောင်း၊ အလုပ်သမား ဘက်ကသော်လည်းကောင်း ကျေနပ်မှု မရှိပါက တင်ပြနိုင်ပြီး တင်ပြမှုမရှိပါက အတည်ပြု သတ်မှတ်မည် ဟုပြောဆို ထားခြင်းလည်းဖြစ်သည်။

ထို့အပြင် တပ်မတော်သားများအပါအဝင် နိုင်ငံဝန်ထမ်းများအားလုံးကို ဧပြီလမှ စတင်ပြီး လစာတိုးရန် ထုတ်ပြန် ထားသည့်နှုန်းထားများအတိုင်း တိုးမြင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly